
နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ရိုဟေးဆာဆာကာဝါဟာ ဧပြီ ၁၀ ရက်နေ့ ကျင်းပမဲ့ အာဏာရှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမ္မတရာထူး လက်ခံပွဲကို တက်ရောက်မယ်လို့ သူ့ရဲ့ အင်တာနက်စာမျက်နှာကနေ ထုတ်ဖော်ပြောဆိုထားပါတယ်။
မစ္စတာဆာဆာကာဝါဟာ ဂျပန်အစိုးရရဲ့ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း၊ NLD ပါတီအနေနဲ့ ပြည်သူလူထု ထောက်ခံမှုကို အများဆုံးရရှိပြီး အောင်နိုင်ခဲ့တဲ့အတွက် ချီးကျူးဂုဏ်ပြုကြောင်း ချီးကျူးစကားဆိုခဲ့သူ ဖြစ်ပါတယ်။
အခုတခါ ၂၀၂၅-၂၆ အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီးနောက် ကျင်းပမဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ သမ္မတရာထူးတက်ပွဲကိုလည်း နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအနေနဲ့ တက်ရောက်ဖို့ ပြင်နေတာပါ။
ဂျပန်လွှတ်တော်အမတ် မစ္စတာ အီရှိဘရှိက “မစ္စတာဆာဆာကာဝါဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အကြိမ်ကြိမ်တွေ့ဆုံနေတာဟာ ဂျပန်အစိုးရက စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုနေသကဲ့သို့ မြန်မာပြည်သူတွေကို အထင်အမြင်လွဲမှားစေကြောင်းနဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ကန့်ကွက်မှုတွေရှိနေလို့ သူ့ကို ကိုယ်စားလှယ်အဖြစ်ကနေ ရပ်စဲသင့်တယ်” လို့ ဧပြီ ၁ ရက်နေ့ ဂျပန်လွှတ်တော်မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို ထောက်ပြမေးမြန်းခဲ့ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးကတော့ အခုခရီးစဉ်ဟာ ဂျပန်အစိုးရရဲ့ ကိုယ်စားလှယ်အနေနဲ့ မဟုတ်ဘဲ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ အနေနဲ့ သွားရောက်တာဖြစ်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးမှုအားလုံးကို ပိတ်ပင်လိုက်ရင် ဒီမိုကရေစီရရှိရေး ခက်ခဲနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
မစ္စတာ ဆာဆာကာဝါကတော့ ငြိမ်းချမ်းရေးအတွက် တိတ်ဆိတ်တဲ့သံတမန်ရေး (Silent Diplomacy) ကို ကျင့်သုံးနေတာဖြစ်လို့ ဘယ်လိုအထင်လွဲမှားမှုနဲ့ ဝေဖန်မှုတွေကိုမဆို ခံယူမယ်လို့ ပြောဆိုထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး တိုကျိုမြို့နေ မြန်မာ့အရေးလှုပ်ရှားသူ ကိုမျိုးမင်းဆွေက “သူ့အနေနဲ့ ဘယ်လိုပဲ တိတ်ဆိတ်သော သံတမန်ရေးလို့ အကြောင်းပြစေကာမူ ၂၀၂၀ ရွေးကောက်ပွဲကို ကိုယ်တိုင် လေ့လာစောင့်ကြည့်ပြီး သန့်ရှင်းတရားမျှတယ်လို့ ကမ္ဘာသိ ထောက်ခံခဲ့သူ တယောက်အနေနဲ့ ဒီရွေးကောက်ပွဲရလဒ်ကို လက်နက်အားကိုးနဲ့ ဖျက်ဆီးကာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ ရာထူးတက်ပွဲသို့ သွားရောက်ဂုဏ်ပြုတာဟာ လွန်စွာ ရှေ့နောက်မညီတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ တရားမျှတမှုကို လိုလားတဲ့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို လုံးဝဆန့်ကျင်စော်ကားလိုက်တာဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။
မစ္စတာဆာဆာကာဝါဟာ ဂျပန်အစိုးရက ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်းဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သွားရောက်ခဲ့တဲ့ ခရီးစဉ်ပေါင်း အကြိမ် ၁၆၀ ကျော်ရှိတယ်လို့ သူ့ရဲ့ အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
ဇော်ဇော်လှိုင်











