
နိုင်ငံတကာအသိအမှတ်ပြု ယီမင်နိုင်ငံသမ္မတ ရာရှစ်အယ်လ်အာလီမီက သူ့ပြည်သူတွေကို ယီမင် အစိုးရစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဆီ ဝင်ရောက် စစ်မှုထမ်းကြဖို့ စက်တင်ဘာ ၂၅ ရက်မှာ တိုက်တွန်းလိုက် ပါတယ်။
ယီမင်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်နဲ့ အမျိုးသားကာကွယ်ရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေအရ အခုလို စစ်ရေးစည်းရုံးမှု လုပ်ဆောင်တာဖြစ်ပြီး၊ ပြည်သူတွေအနေနဲ့လည်း မိမိတို့ကျရာကဏ္ဍကနေ သမ္မတနိုင်ငံနဲ့ အမျိုးသားအဖွဲ့အစည်းတွေကို ကာကွယ်ဖို့ ပူးပေါင်းပါဝင် ကြဖို့ သမ္မတက ပြောကြားခဲ့တာပါ။
ဒါ့အပြင် အကြမ်းဖက် ဟူသီပြည်သူ့စစ်အဖွဲ့ထဲကနေ ခွဲထွက်ပြီး တရားဝင်အစိုးရဆီ ဘေးကင်းကင်း ပြန်လာနိုင်ဖို့ တံခါးဖွင့်ပေးထားကြောင်းနဲ့ စက်တင်ဘာ ၂၆ ရက်ကစလို့ တိုက်ခိုက်တာ၊ ကူညီတာ တွေ ရပ်တန့်လိုက်သူတွေကို နောင်မှာ ဥပဒေနဲ့အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးသွားမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
အစိုးရဘက် ပြန်ကူးလာတဲ့ စစ်တပ်နဲ့ လုံခြုံရေးဝန်ထမ်းတွေအတွက်လည်း ရရှိပြီးသား အလုပ်အကိုင်နဲ့ ရာထူးအခွင့်အရေးတွေကို မပျောက်ပျက်စေဘဲ ပုံမှန်အတိုင်း ပြန်လည်စီစဉ် ပေးသွားမယ်လို့ ကတိပြုထားပါတယ်။
အရှေ့အလယ်ပိုင်း စစ်ပွဲကြီး ၈ လမြောက်ထဲ ဝင်လာတာနဲ့အမျှ အီရန်နဲ့ မဟာမိတ်ပြုထားတဲ့ ဟူသီတွေဟာ ဆော်ဒီကျောထောက်နောက်ခံပြု ယီမင်အစိုးရကို တိုက်ခိုက်တာတွေ ပိုတိုးမြှင့် လုပ်ဆောင်လာသလို ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့သူဖြစ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံထဲကိုလည်း ပစ်ခတ်ခဲ့တာကြောင့် ရေနံစီးဆင်းမှုယန္တရားတွေ ပျက်ကွက် နှောင့်နှေးခဲ့ရပါတယ်။
Source:Reuters










