DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း လမ်းပိုင်းများတွင် PDF တပ်များက စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်စစ်ဆေးနေ
DVB
·
May 9, 2022
စစ်ကိုင်းတိုင်း လမ်းပိုင်းများတွင် PDF တပ်များက စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်စစ်ဆေးနေ
Donate to DVB

စစ်ကိုင်းတိုင်းထဲက မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေကို ဒေသတွင်း PDF တွေက ၉ ရက်ကြာ ထိန်းသိမ်းထားနိုင်ခဲ့ပြီး စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်စစ်ဆေးနေပါတယ်။ 

ကုန်စည်ပို့ဆောင်ရေးနဲ့ စီးပွားရေးအတွက် မဖြစ်မနေသွားချင်နေကြသူတွေအတွက် လုံခြုံရေးအရ တာဝန်ယူမှု တာဝန်ခံမှုကိုတော့ မပေးနိုင်ဘူးလို့ အနောက်မြောက်တိုင်းစစ်ဒေသထဲက PDF တွေက ကြေညာထားပါတယ်။ 

ချောင်းဦး-မုံရွာလမ်းပိုင်းကစပြီး တန့်ဆည်-လမ်းဆုံ-ရေဦး၊ ယာကြီး-ကလေး မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေကို ဧပြီ ၂၉ ရက်ကစပြီး PDF တွေက ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခဲ့တာပါ။ 

ပြည်သူတွေရဲ့ အိမ်စီးကား၊ ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေမှာ စစ်သားတွေ ကြားညှပ်လိုက်ပါလာလေ့ရှိတာကြောင့် PDF တွေက ကြားဖြတ်တိုက်ခိုက်ဖို့ ခက်ခဲနေတဲ့အတွက် လမ်းပိုင်းတွေကို ယာယီပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ 

အချိန် ၉ ရက်ကြာတဲ့အထိ လမ်းပိုင်းတွေကို PDF တွေက ထိန်းသိမ်းထားနိုင်ပြီး ပြည်သူတွေရဲ့  ပူးပေါင်းပါဝင်မှုကြောင့် အတိုင်းအတာတခုအထိအောင်မြင်မှုရှိတယ်လို့ ဒေသတွင်း PDF ခေါင်းဆောင်တွေက ပြောပါတယ်။ 

PDF တွေက စစ်ကောင်စီလမ်းကြောင်းတွေကို ပိတ်ဆို့ချင်လို့ လမ်းပိတ်တာသာဖြစ်ပြီး မဖြစ်မနေသွားချင်နေကြသူတွေကိုတော့ မတားမြစ်ဘဲ စစ်ကောင်စီနဲ့တွေ့လို့ အခက်အခဲ ဖြစ်ရင်တော့ တာဝန်ယူမှု တာဝန်ခံမှုမပေးနိုင်ဘူးလို့ PDF တွေက ကြေညာချက်ထုတ်ပြန်ထား ပါတယ်။

ကနီ PDF ခေါင်းဆောင်ဦးက "ယာကြီးကလေးလမ်းကို စိုးမိုးတယ်တော့ မဟုတ်ဘူးပေါ့။ စစ်ကောင်စီရဲ့ဒလန်တွေ သူလျှိုတွေ မိဖို့ရာအတွက် စစ်ဆေးရေးဂိတ်ချထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချိန်မတော်တွေမှာ အမည်မသိတွေ သွားလာ လှုပ်ရှားနေသရွေ့ စစ်ဆေးမေးမြန်းရမှာလေ။ မိန်းလမ်းကြီးဖြစ်နေတဲ့အတွက် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်နေရင် အန္တရာယ်ကျရောက်လာမှာကိုး။ ဒါကြောင့် စစ်ဆေးရေးဂိတ်လေးတွေကို လုပ်ထားရတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လမ်းပိုင်းကို ပိတ်ဆို့မှု လုံးဝမလုပ်ဘူး။ တာဝန်ယူမှု တာဝန်ခံမှုတော့ မပေးနိုင်ဘူး။"

ဧပြီ ၂၈ ရက် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကိုင်းတိုင်းကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်သွားမယ်လို့ပြောဆိုခဲ့ပြီး မြေပြင်မှာလည်း အင်အား တိုးမြှင့်လာတာကြောင့် PDF တွေက စစ်ကောင်စီလမ်းကြောင်းတွေကို ဟန့်တားဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ 

မေလဆန်းမှာ စစ်ကောင်စီက PDF စခန်းတွေကို ဆက်တိုက်ထိုးစစ်ဆင်နေပြီး အနောက်မြောက်တိုင်းစစ်ဒေသထဲက PDF တွေဟာ မိုးရာသီအတွက် လက်နက်ခဲယမ်းတွေ ကြိုတင်စုဆောင်းနေပါတယ်။ 

စစ်ရေးသတင်းတွေကိုလည်း လုံခြုံရေးအခြေအနေအရ အချိန်နဲ့တပြေးညီ ထုတ်ပြန်နိုင်ဖို့ ခက်ခဲ နေသေးတယ်လို့ မကွေးတိုင်း၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဒေါင်းမင်းက ပြောပါတယ်။ 

"တိုက်ပွဲတွေကတော့ မေလထဲမှာ စစ်ကြောင်းတွေ စထိုးတယ်။ နောက်လည်း စစ်ကြောင်းထိုးလာမယ်လို့ မြင်တယ်။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြင်ဆင်သင့်တာတွေပြင်ဆင်ဖို့ လိုတယ်။ ခဲယမ်းပိုင်းတွေပေါ့။ မိုင်းကိုပဲ အဓိက အားထားရတယ်။ မိုးရာသီဆိုရင် ခဲယမ်းလမ်းကြောင်းကလည်း ပြတ်လေ့ပြတ်ထရှိတားကိုး။ သတင်းထုတ်ပြန်တာနဲ့ ပတ်သက်လို့ စစ်ကြောင်းထိုး နေတုန်းမှာ ထုတ်ပြန်ရင် ပိုပြီး ဖိလာနိုင်စရာ အကြောင်းရှိတယ်။ အဲဒါကို စိုးရိမ်တဲ့အတွက် မထုတ်ပြန်ဘဲနေခဲ့တာပါ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီနဲ့ ဒေသတွင်း PDF တွေရဲ့ အပြန်အလှန်ပိတ်ဆို့မှုတွေကြောင့် ကုန်စည်စီးဆင်းမှုကတော့ မရှိသလောက် နည်းပါးသွားပါတယ်။ 

ဒေသခံပြည်သူတွေဟာ စီးပွားရေးလုပ်ငန်းတွေ၊ အိုးအိမ်တွေ၊ မိသားစုဝင်တွေကို ဆုံးရှုံးခဲ့ရသလို စစ်ရေး မတည်ငြိမ်မှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့ဒဏ်ကိုလည်း ကြုံတွေ့နေရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ PDF တွေက အရေးသာလာပေမယ့် စစ်ကောင်စီကလည်း အလျှော့မပေးဘဲနဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ စတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

အနောက်မြောက်တိုင်းစစ်ဒေသထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ပုံမှန်သတင်းထုတ်ပြန်တာမျိုးမရှိခဲ့ဘဲ အကြမ်းဖက်လုပ်ရပ်တွေကို PDF တွေ ကျူးလွန်နေတာသာ ဖြစ်တယ်လို့ သူတို့ပိုင်မီဒီယာတွေကနေ သတင်းထုတ်ပြန်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013