DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည် ရှားတောတိုက်ပွဲတွင် စစ်ကောင်စီဒုတပ်ရင်းမှူးအပါအဝင် ၆ ဦးသေ(ရုပ်သံ)
DVB
·
May 8, 2022
ကရင်နီပြည် ရှားတောတိုက်ပွဲတွင် စစ်ကောင်စီဒုတပ်ရင်းမှူးအပါအဝင် ၆ ဦးသေ(ရုပ်သံ)
Donate to DVB

ကရင်နီပြည်နယ်၊ ရှားတောမြို့ အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတပ်မတော်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ဒုတိယတပ်ရင်းမှူးအပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မေ ၈ ရက် ဒီကနေ့မနက်ပိုင်းမှာ ကရင်နီတပ်မတော်ဘက်က ဗိုလ်ရှေးရယ် ဦးစီးပြီး ရှားတောမြို့အရှေ့ခြမ်း သံလွင်မြစ်ဘေး တာတမောစခန်းထိုင် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၄၂၈ နဲ့ နာရီဝက်ကြာထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ Karenni Army Center က ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် တိုက်ပွဲအပြီးမှာ တာတမောစခန်းထိုင် ၄၂၈ စစ်ကောင်စီတပ်ဖွဲ့က ပြည်သူလူထု နှမ်းခင်းဘက်ကို လက်နက်ကြီးတွေ အမြောက်အမြား ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထု တရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပြီး ပြည်သူ့ခုခံတွန်းလှန်စစ် ၁၁ လတာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၂၈၀ ထိ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

NUG အစိုးရ တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

လတ်တလောကာလမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ တနေ့တခြား အင်အားနည်းပါးလာပြီ ဖြစ်တာမို့ အခု ၂၀၂၂ ခုနှစ်အတွင်း တော်လှန်ရေးရဲ့ ကြီးမားတဲ့ အချိုးအကွေ့ အောင်မြင်မှုတခုကို မလွဲမသွေ ရောက်ရှိလာ တော့မယ်လို့လည်း (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013