
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် ခလရ ၁၀၆ ဒုတပ်ရင်းမှူး ဗိုလ်မှူးထွန်းရာကျော် မေ ၁၁ ရက် ညနေ ၆ နာရီခွဲက သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ညနေ ၆ နာရီခွဲက ခလရ ၁၀၆ ကနေ လမိုင်းမြို့ကို ကိုယ်ပိုင်ကားနဲ့သွားစဥ် မြို့မ ၁ ရပ်ကွက် ဘုရင့်နောင်လမ်းမှာ ဆိုင်ကယ်ပေါ်က သေနတ်နဲ့ ပစ်သွားတာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ဘုရင့်နောင်လမ်းမှာ ကားရပ်နေတဲ့အချိန် သေနတ်နဲ့ပစ်ခံရတာ၊ အစကတော့ သာမန်လူပဲထင်တာ၊ စစ်တပ်ရောက်လာမှ ခလရ ၁၀၆ က တပ်ရင်းမှူးဆိုတာ သိတာ၊ လမိုင်းဆေးရုံကို သယ်သွားတယ်။”
လမိုင်းတိုက်နယ်ဆေးရုံကို ရောက်ရှိပြီးနောက် ည ၇ နာရီမှာ ဗိုလ်မှူးထွန်းရာကျော် ဆေးကုရင်း သေဆုံးသွားပြီး ခလရ ၁၀၆ တပ်ရင်းက အရာရှိ၊ စစ်သည်တချို့လည်း စစ်ဆေးခံရတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ကိုယ်ပိုင်ကားနဲ့သွားတဲ့အချိန် တပ်ထဲက သတင်းပေးလို့ ပစ်ခံရတာဆိုပြီး စကခ ၁၉ က တပ်ထဲက အရာရှိ၊ စစ်သည်တချို့ရဲ့ ဖုန်းတွေ ယူစစ်တာမျိုးရှိတယ်။ တပ်ရင်းနဲ့ လမိုင်းမြို့ လုံခြုံရေး တိုးချထားတယ်။”
လတ်တလောမှာ ရေးမြို့နယ်အခြေစိုက် ခလရ ၁၀၆ နဲ့ လမိုင်းမြို့ပေါ်မှာ စစ်တပ်နဲ့ ရဲတွေကို အင်အားတိုးမြှင့်ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ခလရ ၁၀၆ တပ်ရင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ဗဟိုကင်းက ဒုတပ်ကြပ်တယောက်နဲ့ တပ်သားတယောက် သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။










