
ဧရာဝတီတိုင်း၊ ရေကြည်အမြောက်တပ်အနီး တိုက်ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ စစ်အာဏာရှင်တပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူ ဆေးကုသနေရင်း သေဆုံးသွားတယ်လို့ ပုသိမ်အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က အမြောက်တပ် အမတ ၃၄၄ အနီးမှာ PDF အပါအဝင် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ခလရ ၃၆ တပ်ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးဟိန်းဇော်အောင်ဟာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်ထဲမှာ ဆေးကုသမှု ခံယူနေရင်း မေ ၁၉ ရက်က သေဆုံးသွားတာလို့ ဆိုပါတယ်။
ပုသိမ် အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူက “ဟုတ်တယ်၊ ပုသိမ်မြို့က စစ်ဆေးရုံ ခုတင် ၃၀၀ (မဆရ-၄) မှာ ဆေးကုသနေရင်း ဆုံးသွားတာ။ အရေးပေါ် အကြီးစားကုသမှုတွေ လုပ်ခဲ့ပြီး မအောင်မြင်တာ” လို့ ပြောပါတယ်။
ခုတင် ၃၀၀ စစ်ဆေးရုံ (မဆရ-၄) မှာ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားတဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးဟိန်းဇော်အောင်ဟာ မေလ ပထမအပတ်ကတည်းက ပုသိမ် (မဆရ-၄) ခုတင် ၃၀၀ မှာ ဆေးကုသမှု ခံယူနေရတာလို့ သိရပါတယ်။
သေဆုံးသွားတဲ့ ဗိုလ်မှူးဟိန်းဇော်အောင်ဟာ ရေကြည်မြို့နယ် အမြောက်တပ် အမတ ၃၄၄ အနီး တိုက်ပွဲမှာ တော်လှန်ရေးတပ်တွေက ပစ်ခတ်တဲ့ စနိုက်ပါပစ်ချက် ထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားတာလို့ တပ်နဲ့နီးစပ်သူတွေက ဆိုပါတယ်။
ဗိုလ်မှူး သေဆုံးတဲ့ အခြေအနေနဲ့ ပတ်သက်လို့ တော်လှန်ရေးတပ်တွေဘက်ကအပြင် စစ်တပ်ဘက် ကပါ မေ ၂၀ ရက်အထိ သတင်းထုတ်ပြန်တာ မရှိပါဘူး။











