
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အခြေစိုက် အမြောက်တပ်ရင်း အမှတ် ၃၄၄ ကနေ စစ်အာဏာရှင်တပ်သား ၃ ယောက် ထွက်ပြေးသွားတယ်လို့ တပ်ရင်းနဲ့နီးစပ်သူဆီက သိရပါတယ်။
စက်တင်ဘာ ၄ ရက်၊ ည ၈ နာရီလောက်က ရခိုင်ပြည်နယ်နဲ့ နီးစပ်နေတဲ့ တိုက်ပွဲဖြစ်နေတဲ့ဒေသကို အမိုးအုပ်ကားနဲ့ စစ်အင်အားဖြည့်တင်းဖို့အတွက် သွားရောက်ဖို့ပြင်ဆင်နေချိန် ထွက်ပြေးသွားတာလို့ ဆိုပါတယ်။
ရေကြည်အခြေစိုက် အမတ ၃၄၄ တပ်ရင်းနဲ့ နီးစပ်သူက “လူစစ်တော့ပြေးတာကိုသိသွားတာ။ ည ၈ နာရီကျော်ကျော်လောက်က အမြောက်တပ်ကနေ ထွက်ပြေးသွားတာလို့ သိရတယ်။ ထွက်ပြေးသွားတဲ့ တပ်သားတွေက အရင်တပ်သားတွေလား၊ စစ်မှုထမ်းလူငယ်တွေလားတော့ မသိသေးဘူး။ အစောင့်တပ်အရာရှိတွေက အရက်သောက်နေချိန်ပြေးတာလို့ သိရတယ်” လို့ ပြောပါတယ်။
တပ်အရာရှိတွေဦးဆောင်ပြီး စစ်ကူသွားဖို့ စစ်ကား ၄ စီးနဲ့ ပြင်ဆင်နေချိန် ထွက်ပြေးသွားတာဖြစ်ပြီး စက်တင်ဘာ ၆ ရက် ဒီနေ့လယ်ပိုင်းအထိ ပြန်လည်ဖမ်းမိတာ မရှိဘူးလို့ ဆိုပါတယ်။
ရေကြည်မြို့နယ်က တပ်နဲ့နီးစပ်တဲ့ ဒေသခံတယောက်က “ရေကြည်မြို့အခြေစိုက်တဲ့ အမတ ၃၄၄ တပ်ထဲမှာက စစ်သားအင်အားအများမရှိဘူးလို့ သိရတယ်။ စစ်မှုထမ်းပေါ်တာဆွဲထားတဲ့ စစ်သားတွေ ဖြစ်ဖို့များပါတယ်။ အသည်းအသန် လိုက်ရှာဖွေနေတယ်” လို့ ပြောပါတယ်။
တပ်သားတွေ ထွက်ပြေးသွားတာနဲ့ ပတ်သက်လို့ ရေကြည်မြို့နယ်မှာ ရေဘေးကူညီကယ်ဆယ်ရေးအဖွဲ့တွေပါမကျန် စစ်အာအာရှင်တပ်နဲ့ ပြည်သူ့စစ်တွေက တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ သိရပြီး စစ်ဆေးရေးဂိတ်တွေကိုလည်း သတင်းပို့ထားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူဆီကနေ သိရပါတယ်။











