DVB Logo
Home
မြန်မာသတင်း
KNLA တပ်မဟာ ၅ စစ်ဗျူဟာမှူးသစ် ခန့်အပ်တာဝန်ပေး
DVB
·
May 7, 2022
KNLA တပ်မဟာ ၅ စစ်ဗျူဟာမှူးသစ် ခန့်အပ်တာဝန်ပေး
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)လက်အောက်ခံ KNLA တပ်မဟာ ၅ မှာ လစ်လပ်နေတဲ့ စစ်ဗျူဟာမှူး တာဝန်ကို ဗိုလ်မှူးကြီး စောမော်ဒဲကို တာဝန်ပေးခန့်အပ်လိုက်တယ်လို့ မေ ၇ ရက်က ကေအန်ယူသတင်းရင်းမြစ်ထံကနေ သိရပါတယ်။

ဧပြီ ၂၈ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ကျောက်ညှပ်တပ်စခန်းသိမ်းတိုက်ပွဲမှာ KNLA တပ်မဟာ  ၅ ရဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောထူးကရှော ကျဆုံးခဲ့တဲ့အတွက် လစ်လပ်နေတဲ့ စစ်ဗျူဟာမှူးတာဝန်ကို အစားထိုးခန့်အပ်လိုက်တာပါ။

ကေအန်ယူတာဝန်ရှိသူတစ်ဦးက “တပ်မဟာ ၅ စစ်ဗျူဟာမှူးတာဝန်ကို ဗိုလ်မှူးကြီး စောမော်ဒဲကို တာဝန်ပေးခန့်အပ်လိုက်တယ်။ စစ်ဗျူဟာမှူးက တပ်မဟာ တစ်ခုလုံးအတွက် အရေးပါတဲ့တာဝန်ကို ထမ်းဆောင်ရတာဖြစ်လို့ တပ်မဟာတစ်ခုလုံးအတွက် တာဝန်ထမ်းဆောင်ရမယ့် ဗိုလ်မှူးကြီး စောမော်ဒဲကို တာဝန်ပေးလိုက်တာ”လို့   ပြောပါတယ်။

ဗိုလ်မှူးကြီး စောမော်ဒဲ (ခေါ် )စောဂေနွီးဟာ ဖာပွန်ခရိုင်၊ တပ်မဟာ ၅ နယ်မြေ ၊လူသောမြို့နယ် ၊လဲခီးကျေးရွာဇာတိဖြစ်ပြီး KNLA ဒုတိယစစ်ဦးစီးချုပ်၊  ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ ယုံကြည်အားထားရသူဖြစ်ပြီး၊ KNLA တပ်မဟာ ၅၊ ကာကွယ်ရေးတပ်ရင်းမှူးတာဝန်ယူခဲ့တဲ့အပြင် ထောက်လှမ်းရေးတာဝန်ထမ်းဆောင်ခဲ့ဖူးသလို စစ်သားပီသပြီး တိုက်ခိုက်ရေးမှာလည်း ကျွမ်းကျင်တယ်လို့ ဆိုပါတယ်။

KNLA၊ တပ်မဟာ ၅ နယ်မြေမှာ ဧပြီ ၁ လတာအတွင်းစစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေနဲ့ KNLA တပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၃၈၃ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး ၁ ဦး၊ ဒု-တပ်ရင်းမှူး ၁ ဦးအပါအဝင် ၁၇၃ ဦးသေဆုံးပြီး ၈၇ ဦးဒဏ်ရာရရှိခဲ့သလို စစ်ထောက်ပို့မြင်းလား ၄ ကောင်ကို သုတ်သင်သတ်ဖြတ်နိုင်ခဲ့တဘ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်စခန်းတွေအတွက် လူ၊ ခဲယမ်းနဲ့ စာရိက္ခာ ထောက်ပို့ရေးမှာ အသုံးပြုနေတဲ့တံတား ၃ စင်း၊ မော်တော်ယဉ် ၄ စီးနဲ့ လက်နက်သိုလှောင်ရုံ(ဂိုဒေါင်) ၂ လုံးကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်း KNLA တပ်ဖွဲ့ဝင် ၃ ဦး အသက်ပေးခဲ့ရပြီး ၁၆ ဦးဒဏ်ရာရရှိခဲ့တဲ့အပြင် စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၇ လုံးလာရောက်ကြဲချခဲ့သလို အမြောက်လက်နက်ကြီး တွေနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ ကျေးရွာတွေ၊ လယ်ယာ၊ ဥယာဉ်ခြံမြေအတွင်းကို တမင်ရည်ရွယ်ပစ်ခတ်ခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ နယ်မြေကျော် စစ်ရေးလှုပ်ရှားမှုတွေကြောင့်  အရပ်သားပြည်သူ ၁  သိန်းကျော်ဟာ နေအိမ်စွန်ခွာပြီး တော၊ တောင်၊ လျှိုမြောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေအများဆုံးပါဝင်ပြီး မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတာတွေကြောင့် ငှက်ဖျားနဲ့ ဝမ်းပျက်ဝမ်းလျော ရောဂါတွေခံစားနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013