DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် တွေ့မည့်ကိစ္စ PPST အဖွဲ့တွင်း သဘောထားကွဲလွဲ၊ ၅ ဖွဲ့သာ တွေ့မည်
DVB
·
May 7, 2022
အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် တွေ့မည့်ကိစ္စ PPST အဖွဲ့တွင်း သဘောထားကွဲလွဲ၊ ၅ ဖွဲ့သာ တွေ့မည်
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့ကိစ္စ အန်စီအေ အပစ်ရပ်အဖွဲ့တွေအကြား အထူးအစည်းအဝေး ခေါ်ယူပြီး ဆွေးနွေးခဲ့ပေမယ့် သဘောထားကွဲလွဲမှုတွေရှိခဲ့တာကြောင့် အဖွဲ့ ၅ ဖွဲ့သာ နေပြည်တော်မှာ  ဆွေးနွေးပွဲသွားတက်မယ်လို့ PPST က ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေအားလုံးကိုဖိတ်ခေါ်ထားတာဖြစ်ပြီး ဒါနဲ့ ပတ်သက်လို့ အန်စီအေစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က မေလ ၆ ရက်နေ့မှာ အထူးအစည်းအဝေး တစ်ရပ် ခေါ်ယူခဲ့ပါတယ်။

အဲဒီအစည်းအဝေးဟာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့အတွက် အမြင်မတူမှုတွေ စုစည်းပြီး တူညီတဲ့ သဘောထားရပ်တည်ချက်တွေ ချမှတ်သွားဖို့ ရည်ရွယ်ခဲ့ပေမဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

ဒါကြောင့် စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အပစ်ရပ်အဖွဲ့ ၅ ဖွဲ့သာ တက်ရောက်တော့မယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဒီဗွီဘီကို ပြောပါတယ်။

“အစုအဖွဲ့ထဲမှာကတော့ ABSDF က ဗဟိုကော်မတီအစည်းအဝေးလုပ်ပြီးမှသာ တက်မယ် မတက်ဘူးဆုံးဖြတ်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် မို့လို့ သဘောထားမပေးနိုင်တာရှိသလို၊ လားဟူအဖွဲ့ကလည်း လက်ရှိအခြေအနေက သူတို့အဖွဲ့ထဲမှာ အလုပ်တွေကရှုပ်နေတဲ့အတွက် သူတို့က တက်ဖို့ အခက်အခဲရှိတယ်။ နောက် CNF ကလည်းပဲ လောလောဆယ်မှာ တက်ဖို့ ဒါ အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ သဘောထားတွေပေးကြတယ်။” 

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးမယ့် အပစ်ရပ်အဖွဲ့တွေထဲမှာတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ(NMSP)နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့ ပါဝင်ပါတယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အဖွဲ့ဟာ ကွယ်လွန်သူ ဗိုလ်မှူးကြီးစောဌေးမောင်တည်ထောင်ခဲ့တဲ့ အဖွဲ့ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ ပတ်သက်မှုမရှိတဲ့ သီးခြားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်ပါတယ်။

PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သွားတက်ရောက်တဲ့အပေါ် နားလည် ပေးကြဖို့  PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က မေတ္တာရပ်ခံထားပါတယ်။

“ကျနော်တို့ အမြင်မတူခဲ့ဘူးဆိုပေမဲ့ တူညီတဲ့ပန်းတိုင်ရှိပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးလိုချင်တယ်၊ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ချင်တယ်၊ အဲဒီပန်းတိုင်က တူညီတယ်။ လောလောဆယ် အခြေအနေအရ နိုင်ငံရေး အခင်းအကျင်းအရ တဖွဲ့စီ တဖွဲ့စီမှာ ပကတိရှိနေတဲ့ အနေအထားအရ ကျနော်တို့ လျှောက်တဲ့လမ်းတွေမှာ မတူတာ ကွဲပြားတာတွေ ရှိခဲ့မယ်ဆိုရင်လည်းပဲ ကျနော်တို့ ရည်မှန်းချက်တွေက တူညီတယ်၊ ကျနော်တို့ ပြည်ထောင်စုအတွက် ရည်ရွယ်ပြီး လုပ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အားလုံးကို ကျနော့်အနေနဲ့ မေတ္တာရပ်ခံပြောကြားချင်းပါတယ်။”

အဆိုပါအထူးအစည်းအဝေးမှာတော့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွင်း ညှိနှိုင်းဆွေးနွေးကြဖို့၊ နိုင်ငံတကာအသိုင်းအဝိုင်းက အကြံပြုချက် ရယူသွားဖို့နဲ့ ပြည်တွင်းပြည်ပ အမြင်မတူတဲ့ အင်အားစုတွေကြား နားလည်မှု ရယူကြဖို့ စတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်နက်ပဋိပက္ခချုပ်ငြိမ်းရေးအတွက် EAOs ခေါင်းဆောင်တွေကို သူကိုယ်တိုင် တွေ့ဆုံလိုကြောင်းနဲ့ ဆွေးနွေးပွဲ တက်ရောက်မယ့် အဖွဲ့တွေအနေနဲ့ အမည်စာရင်း ပေးပို့ကြဖို့ ပြောဆိုထားတာပါ။

ဒါပေမဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးပွဲဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မပါဝင်တာကြောင့် နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ မလွယ်ကူလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများစုက မတက်ရောက်ဖို့ ဆုံးဖြတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013