DVB Logo
Home
မြန်မာသတင်း
လူသားချင်းစာနာမှုအကူညီများအပေါ် မြန်မာစစ်ကောင်စီက အခွန်ကင်းလွတ်ခွင့်ပြုသည့်အပေါ် အာဆီယံကြိုဆို
DVB
·
May 7, 2022
လူသားချင်းစာနာမှုအကူညီများအပေါ် မြန်မာစစ်ကောင်စီက အခွန်ကင်းလွတ်ခွင့်ပြုသည့်အပေါ် အာဆီယံကြိုဆို
Donate to DVB

မြန်မာပြည်သူတွေအတွက် နိုင်ငံတကာက ပေးအပ်လှူဒါန်းတဲ့ လူသားချင်းစာနာမှုအကူညီတွေအပေါ်  မြန်မာစစ်ကောင်စီက အခွန်ကင်းလွတ်ခွင့်ပြုလိုက်တဲ့ အပေါ် ကြိုဆိုတဲ့အကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ မေလ ၆ ရက်က ကျင်းပပြီးစီးခဲ့တဲ့   မြန်မာနိုင်ငံအတွက် အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ အဆင့်မြင့် အစည်းအဝေးနဲ့ပတ်သက်ပြီး   ထုတ်ပြန်ကြေညာလိုက်တာပါ။

မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီအဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ပေးအပ်ရာမှာ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက အခွင့်ကင်းလွတ်ခွင့်ပြုလိုက်တာနဲ့  မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေးတင်သွင်းရာမှာ ညှိနှိုင်းဆောင်ရွက်ပေးဖို့ ကတိပြုခဲ့တဲ့အပေါ်  ဒီအစည်းအဝေးကနေ ကြိုဆိုလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အာဆီယံနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကပေးအပ်လှူဒါန်းတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို အိုင်ဒီပီစခန်းတွေရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ် ဒေသတွေ အပါအဝင် မြန်မာပြည်တွင်းရှိ လူမှုအသိုက်အဝန်းဆီရောက်ရှိအောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်လို့ မြန်မာစစ်ကောင်စီကဖွဲ့ပေးထားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ  စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့(Task Force)က အာမခံခဲ့တယ်လို့ဆိုပါတယ်။

မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ နေရာဒေသတွေသတ်မှတ်ရာမှာတော့ အာဆီယံ AHA Centre အနေနဲ့ စစ်ကောင်စီ လက်အောက်ခံ  စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့(Task Force)နဲ့ နီးနီးကပ်ကပ် အကြံညဏ်ရယူ ဆောင်ရွက်ဖို့ အစည်းအဝေးမှာ သဘောတူညီခဲ့တယ်လို့ဆိုပါတယ်။

အကူအညီတွေပေးပို့ ဦးစားပေးသတ်မှတ်ထားတဲ့  ပြည်နယ်နဲ့တိုင်းဒေသတွေထဲမှာ ကရင်ပြည်နယ်၊ ကယားပြည်နယ် ၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းတို့  စုစုပေါင်း ၅ ခု ပါဝင်ပါတယ်။ 

တိုင်းရင်းသားဒေသတွေအပါအဝင် မြန်မာနိုင်ငံက လူမှုအသိုက်အဝန်းကို အကူညီပေးရာမှာ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့(TaskForce) အနေနဲ့  စစ်ကောင်စီဩဇာခံ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ အတူတွဲလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကူအညီတွေ သွားရောက်ပေးအပ်ရာမှာ အာဆီယံ AHA Centre ရဲ့ အကူအညီပေးရေးလုပ်သားတွေနဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက်လည်း မြန်မာ စစ်ကောင်စီဘက်က အာမခံခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီအစည်းအဝေးမှာ  မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ပေးအပ်ရေးဆိုင်ရာ လုပ်ငန်းအပိုင်း (၂) ကို မြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး၊ အကူအညီတွေပေးရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေအရေး၊ မြန်မာပြည်တွင်း အထူးသဖြင့် ရောက်ဖို့ခက်တဲ့ ဒေသတွေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးဆိုင်ရာ မူဘောင် အကောင်အထည်ဖော်ရေး စတဲ့ကိစ္စတွေ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အစည်းအဝေးမှာ အာဆီယံနိုင်ငံတွေက အဆင့်မြင့်သံတမန်အရာရှိတွေ၊  ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အာဆီယံပြင်ပမိတ်ဖက်နိုင်ငံတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး စစ်ကောင်စီကိုယ်စားလှယ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်လည်း တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေးမှာ သဘာပတိအဖြစ် ဦးဆောင်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆာခွန်းကတော့ ကိုဗစ်ကာကွယ်ဆေးတွေအပါအဝင်  လူသားချင်းစာနာမှုအကူအညီတွေ မြန်မာအတွက် ပေးပို့ ဖြန့်ဝေနိုင်ဖို့အတွက် အချိန်မီ၊ ထိထိရောက်ရောက်၊ ဘေးကင်းလုံခြုံစွာနဲ့ ခွဲခြားဆက်ဆံမှုမရှိ ပို့ဆောင်နိုင်ဖို့နဲ့ ပါဝင်လုပ်ဆောင်သူ အားလုံး ဘေးကင်းလုံခြုံစွာနဲ့ အကူညီလိုအပ်သူတွေဆီ သွားရောက်ပေးပို့ခွင့်ရရေး လုပ်ဆောင်ကြဖို့ တိုက်တွန်းပြောပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ လုပ်ဆောင်ရာမှာ  အတားအဆီးအဟန့်အတားတွေ အများကြီး ရှိနေသေပေမဲ့ တိုးတက်မှုရရှိခဲ့တယ်လို့လည်း ပရတ်ဆာခွန်းက အစည်းအဝေးပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အတားအဆီးတွေထဲက  တခုကတော့ လူသားချင်းစာနာမှု အကူအညီတွေကို  မြန်မာဘက်က အခွန်ကောက်တဲ့ကိစ္စဖြစ်ပြီး ဒါကို အောင်အောင်မြင်မြင် ဆွေးနွေးညှိနှိုင်းခဲ့ကာ  အခွန်ကောက်မယ့်ကိစ္စကို ဖယ်ရှားနိုင်ခဲ့တယ်လို့ ပရတ်ဆာခွန်းက ပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးတွေအပါဝင် မြန်မာပြည်သူတွေအတွက်  အကူအညီပေးရေးပစ္စည်းတွေကို သယ်ယူပို့ဆောင်ရာမှာလည်း တခြားအဟန့်အတားတွေ ရှိနေသေးပြီး အကူအညီတွေ တော်လှန်ရေးအဖွဲ့တွေဆီရောက်သွားမှာကို မြန်မာဘက်က  စိုးရိမ်ကြောင့်လန့်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ဖို့ ကိစ္စဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလက ဂျာကာတာမှာကျင်းပခဲ့တဲ့  အာဆီယံခေါင်းဆောင်များအစည်းအဝေးရဲ့ ဘုံသဘောတူညီချက် ၅ ချက်မှာပါတဲ့ အချက်တချက်ဖြစ်ပါတယ်။ 

ဒါပေမဲ့ မြန်မာအာဏာသိမ်း စစ်ကောင်စီရဲ့ ပိတ်ပင်တားဆီးကန့်သတ်ချက်တွေကြောင့် အချိန် တနှစ်ကျော်ကြာလာတဲ့ အထိ အမှန်တကယ်လိုအပ်နေတဲ့ မြန်မာပြည်သူတွေဆီ အကူအညီတွေ ရရှိအောင်  ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။

အခု အာဆီယံ  AHA Centre ကနေတဆင့်  စစ်ကောင်စီလက်ထဲကို ပေးအပ်မယ့် နိုင်ငံတကာ အကူအညီတွေဟာလည်း  စစ်ဘေးရှောင်ပြည်သူတွေနဲ့ အမှန်တကယ် ဒုက္ခအခက်အခဲ ကြုံတွေ့ နေရတဲ့ ပြည်သူတွေ မရရှိမှာကို  အကူညီပေးရေးအဖွဲ့တွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

Photo-MFAIC

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013