
PDF နဲ့ ပတ်သက်ဆက်နွှယ်တယ်ဆိုပြီး မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၁ ရပ်ကွက်က TU ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဝေယံတာရာရဲ့ နေအိမ်ကို မေ ၅ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လူတွေက ရှောင်နေကြတာ၊ အိမ်ကတော့ ချိပ်ပိတ်ခံလိုက်ရတယ်၊ ရှေ့မှာလည်း အဲလို ချိပ်ပိတ်ခံရတာတွေရှိတယ်။ PDF တွေနဲ့ ပတ်သက်တယ်လို့ သူတို့ သတင်းရတဲ့သူတွေရဲ့ အိမ်တွေကို လိုက်ပိတ်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။
NLD ပါတီအမတ်တွေ၊ ကျောင်းသားသမဂ္ဂထဲ ပါဝင်သူတွေရဲ့ နေအိမ်တွေကိုလည်း ချိပ်ပိတ်ခဲ့တာမျိုးရှိပြီး မေ ၅ ရက်နေ့က နေအိမ် ၃ အိမ် ချိပ်ပိတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကိုဝေယံတာရာကို တရားဥပဒေချိုးဖောက်မှုကြောင့် ပုဒ်မ ၅၀၅ က နဲ့ ဝရမ်းထုတ်ထားကြောင်း စစ်ကောင်စီပိုင် MRTV က ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မလေ ၅ ရက်နေ့ ညပိုင်းမှာလည်း စစ်ကောင်စီတပ်က ပခုက္ကူမြို့ထဲက ရပ်ကွက်တွေမှာ ဧည့်စာရင်း လိုက်လံစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။