DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့နယ်၌ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့က ရွာသား ၁ ဦးကို ပစ်သတ်
DVB
·
May 6, 2022
ဘားအံမြို့နယ်၌ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့က ရွာသား  ၁ ဦးကို ပစ်သတ်
Donate to DVB

ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင်၊ ဘားအံမြို့နယ်၊ ထီးကျူကျေးရွာနဲ့ မဲသနကျေးရွာအကြားမှာ စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်က အရပ်သားပြည်သူ တယောက်ကို  ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကေအန်ယူက  ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့ဟာ မေလ ၅ ရက် မနက် ၁၀ နာရီလောက်က ဘားအံမြို့နယ်ကနေ ဘီးလင်းမြို့နယ်ရှိ ဝင်းတာပန်နဲ့ လေးကေ BGF စခန်းတွေကို စစ်ကူ ပေးဖို့ လာရောက်စဉ် ထီးကျူကျေးရွာနဲ့ မဲသနကျေးရွာအကြားမှာ အမျိုးသား တယောက်ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဆိုင်ကယ်နဲ့ နွားစာလာသယ်တဲ့ ထီးကျော်ခီးကျေးရွာနေ  အသက် ၄၂ အရွယ် စောဖားတရုတ်ကို ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး စောဖားတရုတ်မှာ တင်ပါးကနေ ဆီးအိမ် သေနတ်ဖောက်ထွက် ဒဏ်ရာရရှိပြီး သေဆုံးသွားခဲ့ပါတယ်။

ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်ကတော့ အရပ်သားတွေပေါ် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာ ဖြစ်တယ်လို့  ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က လေးကေနဲ့ ဝင်းတာပန်ကို လာတဲ့ လမ်းကြောင်းမှာပဲ ခီးကျော်ခီကျေးရွာသားက နွားစာ သွားဆွဲတဲ့လမ်းမှာပစ်သတ်ခံလိုက်ရတယ်။ အခုစစ်ကောင်စီက ဝင်းတာပန်ဘက်ကိုလာဖို့ရှိတယ်။”

သေဆုံးသွားတဲ့ စောဖားတရုတ်ဟာ ထီးကျော်ခီး ကျေးရွာလူကြီးဟောင်းဖြစ်ပြီး သူ့ကို စစ်ကောင်စီတပ်နဲ့ (BGF-၁၀၁၄) ဗိုလ်အောင်ချစ် ဦးဆောင်တဲ့အဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဘီးလင်းမြို့နယ်ကို စစ်ကူသွားရာမှာလည်း လမ်းတလျှောက်ရှိ ဒေသခံပြည်သူ အယောက်  ၄၀ ကျော်ကို  အဓမ္မဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးချကာ စားနပ်ရိက္ခာ၊ စစ်သုံးပစ္စည်းတွေ သယ်ခိုင်းခဲ့တယ်လို့ ကေအန်ယူ သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

မေ ၁ ရက်ကလည်း စစ်ကောင်စီရဲ့တပ်နဲ့ အမှတ် ၁၀၁၄ တပ်ရင်း BGF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ သံလွင်မြစ်အနောက်ခြမ်း မြိုင်၊ ကုန်းတန်းကြီး၊ ဝဲပျံချောင်းဝ၊ ဘုရားဆိပ်၊ ဝဲပျံ၊ ပေပင်ဆိပ်၊ မိထ္ထီလာကျေးရွာနဲ့စတဲ့အနီးဝန်းကျင်က အရပ်သားပြည်သူ ၁၀၀ ရာကျော်ကို  လူသားဒိုင်းအပြင် ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လူတစ်ဦးကို ငွေ သိန်း ၂၀၊ ၃၀ တောင်းယူကာ ပြန်လွှတ်ပေးတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ကြို့ပင်ဆိပ်ကျေးရွာ မင်္ဂလာဆောင်တစ်ခုမှာ ဒေသခံပြည်သူကာကွယ်ရေးတပ်(PDF)တွေ ရောက်နေတယ်ဆိုပြီး မင်္ဂလာဆောင်ကိုလာသူတွေနဲ့ ဒေသခံတွေကိုပါ ဖမ်းဆီးခေါ်ဆောင်သွားပြီး လူတစ်ယောက် ကျပ် ၇ သိန်းတောင်းခံပြီး  ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

သထုံခရိုင်၊ တပ်မဟာ ၁၊ KNDO တပ်ရင်း ၂ နယ်မြေအတွင်းမှာ တပ်စွဲထားတဲ့ လေးကေ၊ ဝင်းတာပန်တပ်စခန်းတွေ ဧပြီလ ၂၃ ရက်ရက် နောက်ဆုံးထားထွက်ခွာပေးဖို့ အသိပေး ထုတ်ပြန်ခဲ့ပေမယ့် ထွက်ခွာမပေးတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်နေသလို့ စစ်ကောင်စီက တပ်အင်အားဖြည့်တင်းဖို့ ကြိုးစားလုပ်ဆောင်နေတယ်လို့ ကေအန်ယူတာဝန်ရှိသူက ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့တပ်စခန်းက အနီးဝန်းကျင်က ကျေးရွာတွေအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်အပါအဝင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်  ဒေသခံလူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့သလို အရပ်သားပြည်သူ သေဆုံးတာနဲ့ ဒဏ်ရာရရှိတာတွေရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013