
ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ပရဝေ့နယ်မြေ ကီလာလဲမ်ထောင်းန်ရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက် ညက ကုန်စုံဆိုင်ပိုင်ရှင် အဘိုးအိုတယောက် ထုနှက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပြီး ရဲတွေက တရားခံကို စုံစမ်းရှာဖွေရာမှာ ကျူးလွန်သူ မြန်မာလုပ်သား ၁ ယောက်ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အသက် ၇၈ ရွယ် နိုင်းထဝပ်ချိုင်းမှာ ကုန်စုံဆိုင်ဖွင့်ထားပြီး တယောက်တည်း နေထိုင်သူ ဖြစ်တယ်။ မီးဖိုခန်းထဲမှာ ဦးခေါင်းထုနှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ သူ့အလောင်းကို အိမ်နီးနားချင်းတွေ တွေ့ရှိပြီးတဲ့နောက် ပရဝေ့နယ်မြေ ရဲစခန်းကို အကြောင်းကြားလိုက်တယ်။
တာဝန်ရှိသူတွေက စီစီတီဗွီကင်မရာကနေတဆင့် တရားခံကို လိုက်လံရှာဖွေတာမှာ ဩဂုတ် ၂၄ ရက် ည ၁၁ နာရီလောက်က အင်္ကျီအပြာရောင် ဘောင်းဘီတိုနဲ့ လူတယောက် အဘိုးအိုရဲ့ အိမ်ထဲ ဝင်သွားတာတွေ့ရှိတယ်။ နောက်တနေ့မနက်ကူးတော့ အဆိုပါအိမ်ကနေ ပြန်ထွက်လာတယ်၊ အမှိုက်ပုံးထဲ တစုံတရာ စွန့်ပစ်တယ်။ မသင်္ကာစရာ ထိုသူရဲ့နောက်ကို စီစီကင်မရာတွေကနေ လိုက် လံစုံ စမ်းပြီးတဲ့နောက် ဩဂုတ် ၂၅ ရက် ည ၁၁ နာရီလောက်မှာ စမွတ်ပရကန်မြို့ ဘန်ဘိုလမ်းသွယ် ၁၉ ရှိ အလုပ်သမားတန်းလျားမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ရဲတွေ ရောက်သွားချိန် ကျူးလွန်သူဟာ ဆောက်လုပ်ရေးတန်းလျားရဲ့အောက်မှာ ပုန်းအောင်းနေခဲ့တယ်၊ တာဝန်ရှိသူတွေက သူ့အခန်းကို ဝိုင်းထားပြီး ထွက်လာဖို့ပြောတော့ ဒူးဆစ်ကျော်သာ မြင့်တဲ့ တန်းလျားအောကကနေ တွားသွားပြီးထွက်လာကာ အဖမ်းခံခဲ့ပါတယ်။
တာဝန်ရှိသူတွေက သူ့အခန်းထဲက ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေလက်စွပ် ၁ ကွင်း၊ ရွှေဆင်းတု လော့ကက် ၅ ခုနဲ့ သေဆုံးသူအဘိုးရဲ့ တယ်လီဖုန်းတွေ ရှာဖွေတွေ့ရှိပြီး တရားခံကို စစ်ဆေးရာမှာ သူက အဖိုးအိမ်က ယူခဲ့တဲ့ဟာတွေ ဖြစ်ကြောင်း ဝန်ခံခဲ့တယ်။ သူ့ခေါင်းမှာလည်း အဘိုးအိုနဲ့ ထိုးကြိတ်ချိန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ကျူးလွန်သူမှာ အသက် ၂၅ နှစ်ရွယ် ခွန်ချစ်ဦး ခေါ် အိုက်ချစ် ဆိုသူ မြန်မာအလုပ်သမားတယောက် ဖြစ်ပြီး သူဟာ လွန်ခဲ့တဲ့ ၃ လလောက်က အဘိုးအိုရဲ့ ဆိုင်နောက်ဘက် တိုက်ခန်းမှာ ငှားရမ်း နေထိုင်ခဲ့တယ်၊ အဘိုးရဲ့ ဆိုင်မှာ အမြဲဈေးဝယ်လေ့ရှိတာကြောင့် အဘိုးရဲ့ အခြေအနေကို ကောင်း စွာသိရှိသူဖြစ်တယ်လို့ ဆိုပါတယ်။
အခင်းဖြစ်တဲ့ညက သူဟာ ဆိုင်ထဲကပစ္စည်းတွေ ခိုးယူဖို့ အဘိုးအိပ်တဲ့အချိန် စောင့်ဆိုင်းပြီး အိမ်နောက်ဖေး ခြံစည်းရိုးကနေ ခုန်ဝင်လာတယ်။ မီးတွေမှိတ်သွားတော့ ဆိုင်ထဲ ဖောက်ထွင်းဝင်လာကာ ပစ္စည်းတွေ ယူငင်စဉ် အဘိုးကနိုးလာပြီး လက်နှိပ်ဓာတ်မီးနဲ့ သူ့ကို ထိုးတယ်၊ ဒါကြောင့် သူက ဓာတ်မီးလုပြီး နှစ်ယောက် လုံးထွေးသတ်ပုတ်တယ်၊ မီးဖိုချောင်မှာ သူက အဘိုးရဲ့ခေါင်းကို ကျည်ပွေ့နဲ့ ထုသတ်ပြီး တန်ဖိုးရှိပစ္စည်းတွေ ယူခဲ့တယ်၊ ကျူးလွန်စဉ် ဝတ်ခဲ့တဲ့ အင်္ကျီကို အမှိုက်ပုံးထဲပစ်ခဲ့တယ် လို့ ဝန်ခံသွားပါတယ်။
တာဝန်ရှိသူတွေက သူ ကျူးလွန်ခဲ့ပုံတွေ ပြန်လည်သရုပ်ပြခိုင်းတယ်၊ အဲဒီနောက် သူ့ကို ပစ္စည်းလု ယက်မှု၊ လူသတ်မှုနဲ့ အရေးယူဖို့ ပရဝေ့ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: Thairath TV / Khaosod / TNews











