
မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် အသုံးပြုမှုကို စောင့်ကြည့်ပြီး ပြည်သူတွေကို ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကောင်စီတပ်တွေက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို အချိန်ပြည့်စောင့်ကြည့်ပြီး အခုရက်ပိုင်းမှာ နေအိမ်တွေထိ လိုက်လံဖမ်းဆီးတာတွေ ခပ်စိတ်စိတ်ဖြစ်လာတယ်။ ဒီတပတ်အတွင်းမှာကို အဖမ်းခံရသူ ၁၀ ယောက်ထက် မနည်းတော့ဘူး။ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ နွေဦးတော်လှန်ရေး စာသားတွေ ရေးထားတာတွေ့တာနဲ့ PDF လို့ စွပ်စွဲပြီး တန်းဖမ်းတော့တာ။ ဒါက ပြည်သူတွေကို အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်ဖို့ ကြိုးစားလာတာ။ သူတို့တွေ ဘယ်လောက်ပဲ ဖိနှိပ်ပါစေ၊ ပြည်သူတွေက ဖက်ဒရယ် ဒီမိုကရေစီ ရရှိတဲ့အထိ အဆုံးသတ်တိုက်ပွဲ ဆင်နွှဲဖို့ ဆုံးဖြတ်ပြီးသား” လို့ ပခုက္ကူမြို့ ဒေသခံတယောက်က ပြောပါတယ်။
ပေါက်မြို့နယ် သရက်တောရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ ဒီကနေ့ မေ ၆ ရက် မနက် ၁၀ နာရီလောက်က ဆောမြို့နယ်က ခရီးသွားလူငယ် ၂ ယောက်ဖြစ်တဲ့ ကိုအောင်မျိုးမင်းနဲ့ မဖြူဖြူဖြိုးတို့ကို PDF လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့သလို မနေ့ မေ ၅ ရက်မှာလည်း ဆောမြို့နယ်က ကိုအောင်မျိုးလင်းကို ခရီးသည်တင်ကားပေါ်ကနေ ဖမ်းဆီးကာ ပေါက်မြို့မရဲစခန်းကို ခေါ်သွားတယ်လို့ သရက်တောရွာ ဒေသခံတယောက်က ဆိုပါတယ်။
ပခုက္ကူမြို့ အမှတ် ၁၁ ရပ်ကွက်က ကိုစိုင်းဝဏ္ဏနဲ့ ကိုအောင်မြင့်မြတ်တို့ကိုလည်း မေ ၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းအဖွဲ့တွေက နေအိမ်ထိ လိုက်လံပြီး ရိုက်နှက်ဖမ်းဆီးကာ ပခုက္ကူရဲစခန်းကို ခေါ်သွားကြတယ်လို့ ပခုက္ကူမြို့ အမှတ် ၁၁ ရပ်ကွက်မှ ပြည်သူတယောက်က ပြောပါတယ်။
မြိုင်မြို့နယ် CDM ပညာရေးဝန်ထမ်းတယောက်က “ဒီအခြေနေကတော့ အတော်လေး ဂရုစိုက်နေကြရမှာ။ စစ်ကောင်စီဘက်က အကြောင်းအမျိုးမျိုးပြပြီး လိုက်လံဖမ်းဆီးနေတာ။ ပြည်သူလူထုတွေရော CDM ဝန်ထမ်းတွေပါ လုံခြုံရေးသတိရှိဖို့ လိုလာပြီ။ CDM ဝန်ထမ်းတွေကိုလည်း အကြောင်းရှာ ဖမ်းဆီးနေလို့ ဘေးလွတ်ရာတွေမှာ တိမ်းရှောင်နေကြရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာတော့ PDF သင်တန်းဆင်းတွေ၊ မိုင်းထောင်ဖောက်ခွဲ ပြုလုပ်သူတွေ၊ အစိုးရကို ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားဖော်ပြသူတွေ ဖမ်းဆီးရမိတယ်ဆိုပြီး ထုတ်ပြန်ထားတာ တွေ့ရပါတယ်။