DVB Logo
Home
မြန်မာသတင်း
ထီးလင်းမြို့နယ်ကို စစ်ကောင်စီတပ် ထိုးစစ်ဆင်၊ ပြည်သူ ၃၀၀၀ ကျော် တိမ်းရှောင်နေရ
DVB
·
May 6, 2022
ထီးလင်းမြို့နယ်ကို စစ်ကောင်စီတပ် ထိုးစစ်ဆင်၊ ပြည်သူ ၃၀၀၀ ကျော် တိမ်းရှောင်နေရ
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ကို စစ်ကောင်စီတပ်တွေဟာ ဧပြီ ၁၇ ရက်နေ့ကစပြီး စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေလို့ ကျေးရွာပေါင်း ၁၆ ရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ PDF-ထီးလင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်သူလင်းကျော်က ဒီဗွီဘီကို ပြောပါတယ်။

ထီးလင်းမြို့နယ်ကို စစ်ကောင်စီတပ်သား အင်အား ၅၀၀ ကျော် စစ်ကြောင်းသုံးကြောင်းနဲ့ ဧပြီ ၁၇ ရက်နေ့ကစပြီး ထိုးစစ်ဆင်နေတာကြောင့် လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာ ၁၆ ရွာလောက်က ဒေသခံပြည်သူ ၃,၆၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

"စစ်ကြောင်းတကြောင်းချင်း ပြောရမယ်ဆိုရင် ကျနော်တို့ ကျင်းရဲစခန်းကို စသိမ်းကတည်းက က.ပ.စ ၂၀ က အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်ဗျ။ ပုံတောင် တောင်ရိုးပေါ်မှာ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေ တပ်စွဲထားလို့ ကျင်းအုပ်စုအနီးနားက ကျေးရွာ ၉ ရွာက ဒေသခံပြည်သူ ၃,၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး ယနေ့အချိန်ထိ အိမ်မပြန်ရဲသေးဘူး။"

ဂန့်ဂေါဘက်ကနေ ထွက်လာတဲ့ စစ်ကြောင်းက အင်အား ၁၂၀ လောက်ရှိပြီး အဲဒီ လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာ ၇ ရွာလောက်က ဒေသခံပြည်သူ ၅၀၀ ကျော်လောက် ထွက်ပြေးနေကြကာ မတူပီ-မင်းတပ်ဘက်က ဆင်းလာတဲ့ စစ်ကြောင်းတကြောင်းကတော့ အင်အား ၂၀၀ လောက်ရှိပြီး ထီးလင်းဘက်ကို မရောက်သေးဘဲ ကျောက်ထုနယ်မြေမှာပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

ကျင်းကျေးရွာ ဒေသခံပြည်သူတယောက်က "ကျနော်တို့ရွာဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေလို့ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးနေကြရတယ်ဗျ။ တချို့ကတော့ တိုက်ပွဲဧရိယာနဲ့ဝေးတဲ့ ဆွေးမျိုးနီးစပ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေရသလို တချို့ပြည်သူတွေဟာ တောထဲတွေမှာပဲ မိုးကာလေးတွေနဲ့ ဖြစ်သလို နေနေကြရတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ သူတို့ စစ်ကြောင်းထိုးတဲ့ လမ်းတလျှောက်မှာ ရွာသားတွေကို လူသားဒိုင်းအသုံးပြုဖို့ ဖမ်းဆီးတာကြောင့် ထွက်ပြေးနေကြရတာဖြစ်ပြီး နေအိမ်တွေကို မွှေနှောက်ဖျက်ဆီးကာ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကိုလည်း ခိုးယူကာ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်ပြီး စားနပ်ရိက္ခာတွေကိုပါ ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

"ယောနယ်ဘက်မှာ မိုးရွာတာလည်း ၃ ခါလောက်ရှိနေပြီ။ မိုးရာသီလည်း ရောက်တော့မှာဆိုတော့ ကျနော်တို့ တောထဲမှာနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အမိုးအကာတွေ လိုအပ်တယ်ဗျ။ မိုးရွာတုန်းကဆိုရင် ရှိနေတဲ့ မိုးကာလေးတွေတောင် လေနဲ့ပါသွားတာ။ နောက်ပြီးတော့ ဖျားနာ နေမကောင်းဖြစ်နေသူတွေအတွက် ဆေးဝါးတွေနဲ့ စာနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်။"

ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ မိမိတို့တတ်နိုင်သလောက် စစ်ဘေးရှောင်ပြည်သူတွေအတွက် အမိုးအကာ၊ အဝတ်အထည်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လှူဒါန်းပေးကြဖို့ အကူအညီ တောင်းခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013