DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်တွင် ရွာမီးရှို့ခဲ့သည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
May 6, 2022
ပေါက်မြို့နယ်တွင် ရွာမီးရှို့ခဲ့သည့် စစ်ကောင်စီတပ်  မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျအိုးရွာကို မေ ၅ ရက်က  မီးရှို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး အရာရှိတယောက် အပါအဝင် ၁၀ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပေါက် PDF တပ်ရင်း ၄ ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

"စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အင်အား ၇၀ လောက်နဲ့ တက်လာပြီး ရွာကို မီးရှို့တဲ့အချိန်မှာ မိုင်းဆွဲတိုက်ခိုက်လိုက်လို့ စစ်ကောင်စီဘက်က ၂ ယောက်လောက် သေဆုံးနိုင်ပြီး ၅ ယောက်လောက် ဒဏ်ရာရရှိတယ်။ မီးရှို့ပြီး အပြန်မှာလည်း ထပ်မံမိုင်းဆွဲလိုက်လို့ စစ်ကောင်စီတပ်က အရာရှိတယောက် အပါအဝင် ၅ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်။"

မိုင်းဆွဲလိုက်လို့ ဒဏ်ရာအပြင်းအထန်ရရှိသွားတဲ့ စစ်ကောင်စီတပ်က အရာရှိကတော့ ပေါက်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး စိုးရိမ်ရတဲ့ အနေအထား ရှိတယ်လို့ စုံစမ်းသိရှိရကြောင်း ဆိုပါတယ်။

ပေါက်မြို့နယ်၊ ကျအိုးရွာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ လာရောက်ပြီး ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၃၀ လောက် မီးလောင်ကျွမ်းခဲ့ကာ ရွာသားတွေ အားလုံးနီးပါး ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ပြည်သူတွေရဲ့ နေအိမ် ၃၀ လောက် မီးလောင်ဆုံးရှုံးခဲ့ရတယ်။ ဒါနဲ့ဆိုရင် ကျနော်တို့ ကျအိုးရွာကို ဒီကောင်တွေ မီးဝင်ရှို့တာ နှစ်ကြိမ်ရှိသွားပြီ။ အိမ်ခြေ ၁၈၀ ကျော်ရှိတဲ့အနက် စုစုပေါင်းဆိုရင် အိမ်ခြေ ၇၀ မီးလောင်ဆုံးရှုံးခဲ့တယ်။ သူတို့က ကျနော်တို့ရွာရဲ့ မြောက်ဘက် ရွာချင်းကပ်လျက် ဒီးတုတ်ကွင်းဆိုတဲ့ရွာမှာ အထိုင်ချပြီး ပင်ထောင်ဘက်က ပျူစောထီးတွေပါ ကား ၄ စီးနဲ့ လာတယ်။ စစ်(--) တွေကတော့ ၂၅ ယောက်လောက်ပဲ ပုံမှန်တပ်စွဲထားကြတာ။ အပြန်မှာလည်း ထပ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။"

ကျအိုးရွာနေ အမျိုးသမီးတဦးက "ကျမတို့ဆီကို သူတို့က ညနေ ၃ နာရီလောက်မှာ မီးရှို့ကြတာ။ တရွာလုံး ရွာရဲ့ အရှေ့ကုန်းကို ပြေးနေကြရတာ။ အဲဒါကို သူတို့ဘက်က လက်နက်ကြီးနဲ့ လှမ်းထုလို့ နောက်တနေရာ ရွှေ့ပြေးရတယ်။ အဲဒီနောက် ရွာထဲကိုဝင်ပြီး သူတို့ ပျူတွေရဲ့ နေအိမ်တွေကို မရှို့ဘဲ ရွာသူရွာသားတွေရဲ့ နေအိမ် ၃၀ လောက်ကို မီးရှို့ ဖျက်ဆီးသွားကြတာ။"လို့ ပြောပါတယ်။

မီးရှို့ခံရတဲ့အချိန်မှာရွာသားတွေဟာ မခုခံနိုင်ဘဲ ထွက်ပြေးခဲ့ကြပြီး ကလေးအမေတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေကို ဆိုင်ကယ်တွေ၊ လှည်းတွေနဲ့သာမက  ကျောပိုးပြီးတော့ ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

ထွက်ပြေးလာတဲ့ ပြည်သူတွေဟာ အမိုးအကာတွေမရှိဘဲ သစ်ပင်ရိပ်တွေမှာ ဖြစ်သလို နေနေကြရပြီး မိုးမရွာရင် နေလို့ရပေမဲ့ မိုးရွာလာရင် နေစရာနေရာမရှိဘဲ အားလုံး အခက်အခဲ ဖြစ်ကြတော့မယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရွာကို မီးရှို့ရုံတင်မကဘဲ အပြန်မှာ ရွာပြင်ကတဲတွေကိုပါ မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေရဲ့ ဆန်ရိက္ခာတွေနဲ့ ရွှေငွေပစ္စည်းတွေ အကုန်ယူသွားကြလို့ ရှိတာလေးနဲ့ပဲ ဝေငှမျှတပြီး စားသောက်နေကြရတယ်လို့ ရွာသားတွေက ပြောပါတယ်။

“ကျန်းမာရေးမကောင်းတဲ့သူတွေပါ ထွက်ပြေးလာကြရတော့ အိမ်မှာဆောင်ထားတဲ့ ဆေးပြားလေးတွေ ဆေးမြီးတိုတွေနဲ့သာ ကုသပေးနေရလို့ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်” လို့ ရွာသားတယောက်က  ဆိုပါတယ်။

ပေါက်မြို့နယ်ထဲမှာ ဧပြီ ၇ ရက်နေ့ကစလို့ စစ်ကောင်စီတပ်တွေက ကျေးရွာ ၂၀ လောက်ကို ဝင်ရောက်ပြီး ဆက်တိုက်မီးရှို့နေတာကြောင့် ဒေသခံပြည်သူ ၂၀,၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးပုန်းရှောင်နေရသလို အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်အနေနဲ့ ကျေးရွာတွေကို မီးရှို့တာမျိုး ကျူးလွန်တာမရှိဘဲ PDF အကြမ်းဖက်တွေကသာ မီးရှို့တာလို့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောကြားလေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013