တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ရွာအဝင်လမ်း ဆင်ရံတံတားအနီးက နေအိမ်ခြံဝင်းတခုမှာ မေ ၅ ရက် မနက်ပိုင်းက ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေအိမ်ဟာ ကံပေါက်ဒေသက လောင်းကစားဝိုင်းတွေမှာ ဦးဆောင်ပါဝင်လေ့ရှိပြီး စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ ဦးဟန်မောင်မောင်ရဲ့ နေအိမ် ဖြစ်တယ်လို့ ဆိုပါတယ်။
“ပေါက်ကွဲသံကတော့ အရင်ပေါက်ကွဲမှုတွေထက် အသံကျယ်တယ်၊ လူထိခိုက်ဒဏ်ရာရတာမျိုးတော့ မကြားရဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေက ကံပေါက်ဒေသ အဝင်အထွက်လမ်းတွေမှာ ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီပေါက်ကွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီလက စစ်ကောင်စီက ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေကို ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပတ်သက်တာတွေ မပြုလုပ်ကြဖို့ ကံပေါက်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် ရေဖြူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။