DVB Logo
Home
မြန်မာသတင်း
မြန်မာကို လူသားချင်းစာနာမှုအကူအညီပေးရေး အာဆီယံ အစည်းအဝေး ကျင်းပမည်
DVB
·
May 5, 2022
မြန်မာကို လူသားချင်းစာနာမှုအကူအညီပေးရေး အာဆီယံ အစည်းအဝေး ကျင်းပမည်
Donate to DVB

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးအပ်ဖို့နဲ့ ပတ်သက်ပြီး  အာဆီယံအဆင့်မြင့်ဝန်ကြီးတွေတက်ရောက်မယ့် အကြံဉာဏ်ရယူမှုဆိုင်ရာဆွေးနွေးပွဲကို ကမ္ဘောဒီယားနိုင်ငံ ဖနွမ်ပင်မြို့မှာ မေလ ၆  ရက်နေ့ ကျင်းပဖို့ရှိပါတယ်။

ဒီအစည်းအဝေးကို  မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီယားနိုင်ငံခြားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ပရတ်ဆာခွန်းနဲ့ အာဆီယံ အတွင်းရေမှူးချုပ် လင်မ်ဂျော့ဟွိုင်တို့က ဥက္ကဋ္ဌဖြစ် ဦးဆောင်ကျင်းပမှာဖြစ်တယ်လို့ ဖနွမ်ပင်ပို့စ်သတင်းစာမှာ ရေးသားဖော်ပြပါတယ်။ 

ဒီဆွေးနွေးပွဲကနေ အာဆီယံအနေနဲ့    လူသားချင်းစာနာမှုစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ခွဲခြားဆက်ဆံမှုမရှိဘဲ မြန်မာပြည်သူတွေကို ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတဲ့ လမ်းညွှန်မှုတွေ လုပ်ဆောင်နိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းတွေနဲ့   စတင်ဆွေးနွေးနိုင်မယ်လို့ဆိုပါတယ်။ 

ဒါ့အပြင်  မြန်မာပြည်ကလူမှုအသိုက်အဝန်းအတွက် ကိုဗစ်ကာကွယ်ဆေးတွေ ဘယ်လိုထောက်ပံ့ပေးရမလဲဆိုတာနဲ့ အာဆီယံလူသားချင်းစာနာမှုကူညီပေးရေးဗဟိုဌာန (AHA Centre ) လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း ဆွေးနွေးကြဖို့ရှိပါတယ်။ 

ဒီဆွေးနွေးပွဲမှာ  အာဆီယံကိုယ်စားလှယ်တချို့က လူကိုယ်တိုင်တက်ရောက်မှာဖြစ်ပြီး တချို့ကတော့ အွန်လိုင်းကနေ တက်ရောက်ဖို့ရှိနေသလို ပြင်ပက မိတ်ဖက်တွေဖြစ်တဲ့ ကုလသဂ္ဂအေဂျင်စီတွေနဲ့ တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေလည်း ပါဝင် တက်ရောက်ဖို့ရှိပါတယ်။

ဒီအစည်းအဝေးမှာ ပါဝင်တက်ရောက်ဖို့ စစ်ကောင်စီကိုယ်စားလှယ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့အဖွဲ့လည်း  ဒီကနေ့ပဲ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ ရောက်ရှိနေပါတယ်။

မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအကူအညီ ဒုတိယအဆင့် ပေးအပ်ဖြန့်ဖြူးနိုင်ရေး အကူအညီများပေးအပ်ရာမှာ ရှိရင်းစွဲ အာဆီယံသဘောတူညီမှု မူဘောင်အတွင်းမှ အကူအညီတွေ ပိုမိုပေးအပ်နိုင်ရေး ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ တူညီတဲ့နားလည်မှုရရှိရေးတို့အတွက် ရည်ရွယ်ပြီး ဒီ အဆင့်မြင့်အစည်းအဝေးတစ်ရပ်အဖြစ် ကျင်းပတာလို့ မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေက မြန်မာပြည်သူတွေတွက် လူသားချင်းစာနာမှု အကူအညီတွေကို အချိန်မီ ထိထိရောက်ရောက် ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးဖို့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို   ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က မေလ ၂ ရက်  အွန်လိုင်းက တွေ့ဆုံဆွေးနွေးစဉ် တိုက်တွန်းခဲ့ပါတယ်။ 

လက်ရှိ မြေပြင် အခြေအနေကတော့   အာဏာသိမ်းစစ်ကောင်စီဟာ  ပဋိပက္ခဒေသက  ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ မပေးတဲ့အပြင်  စစ်တပ်တွေ စေလွှတ်ပြီး ကျေးရွာတွေကို မီးရှို့၊ လေယာဉ်နဲ့ ဗုံးကြဲ၊ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်နေတာဖြစ်ပါတယ်။

အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကောင်စီ လက်ထဲ ကိုပေးအပ်ပါက  အခက်အခဲဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာ ပြည်သူတွေထံ ရောက်ရှိမှာ မဟုတ်ဘူးလို့လည်း  ကယ်ဆယ်ရေးအဖွဲ့တွေက ပြောထားပါတယ်။ 

ဧပြီ ၁၁ ရက်အထိ မြန်မာနိုင်ငံတဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာနေထိုင်နေရသူပေါင်း  ၉၁၂,၇၀၀ ဦးရှိပြီး ဒီအထဲမှာ စစ်တပ် အာဏာသိမ်းချိန်ကစပြီး လက်နက်ကိုင်ပဋိပက္ခနဲ့ လုံခြုံဘေးကင်းမှုမရှိတဲ့အခြေအနေတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၅၆၆,၁၀၀ ဦး ပါဝင်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး  UNOCHA က ထုတ်ပြန်ထားပါတယ်။

Photo-MOFA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013