DVB Logo
Home
မြန်မာသတင်း
DKBA ဗိုလ်စလုံးအဖွဲ့ကို KNDO ဂုဏ်ပြုကြိုဆို
DVB
·
May 5, 2022
DKBA ဗိုလ်စလုံးအဖွဲ့ကို KNDO ဂုဏ်ပြုကြိုဆို
1 / 7
Donate to DVB

ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) ထံ ပူးပေါင်းဝင်ရောက်လာတဲ့ ဗိုလ်စလုံး ဦးဆောင်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တွေကို မေ ၅ ရက် ဒီမနက်ပိုင်းက  ကြိုဆိုဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ပါတယ်။

ဗိုလ်စလုံးဦးဆောင်တဲ့ အင်အား ၂၀၀ လောက်ရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် (KNDO) ရဲ့ ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ကြိုဆိုဂုဏ်ပြုခဲ့တာပါ။

“အခုတော်လှန်ရေးလုပ်တာ အဓိက သုံးခုလုပ်ရမယ်။ နံပါတ် ၁ အချက် ညီညွှတ်မှုလုပ်ရမယ်။ နံပါတ် ၂ အချက် သတ္တိရှိရမယ်။ နံပါတ် ၃ ကျနော်တို့ နိုင်ငံရေးရည်မှန်းချက် ရှင်းလင်းရမယ်။ ဒီနိုင်ငံရေး ရည်မှန်းချက် မရှင်းရင် ခရီးသွားလို့မရဘူး။ တော်လှန်ရေးလုပ်တာ သတ္တိရှိရမယ်၊ ညီညွှတ်မှု ရှိရမယ်။ ညီညွတ်မှုနဲ့ သတ္တိမရှိရင် ဘယ်တော့မှ အောင်မြင်မှုမရှိဘူး။ အဲဒါကိုမှတ်ထား၊ ကျနော်တို့ အောင်မြင်ရမယ်။ မအောင်မြင်လို့ရှိရင် ကျနော်တို့အားလုံ ကျွန်ဖြစ်သွားမယ်” လို့ ဗိုလ်မှူ:ချုပ်နယ်ဒါးမြက ဂုဏ်ပြုပွဲမှာ ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် သူက ဗိုလ်စလုံးနဲ့ အဖွဲ့ကို ကျေးဇူးတင်ကြောင်းနဲ့ ဒါဟာ သမိုင်းတရပ်ကို ဖော်ဆောင်နေတာဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် နယ်ဒါးမြက  ပြောပါတယ်။ 

“ဗိုလ်စလုံးနဲ့အဖွဲ့ကို အထူး ကျေးဇူးတင်ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ သမိုင်းတရပ်ကို ဖော်ဆောင်နေတာဖြစ်တယ်။ ဒီနေ့ကနေစပြီး နောင်လာမယ့်သားသမီးတွေ ဒီနေ့ဖြစ်ပွားခဲ့တဲ့ သမိုင်းကို မှတ်သားလေ့လာရမယ်။ ဒီသမိုင်းဟာ ဒီနေ့ကစပြီး အဆုံးတိုင်အောင် တည်ကြည်နေမှာဖြစ်ပါတယ်။ ”

ပြည်သူလူထု ဒုက္ခရောက်နေချိန် ပြည်သူလူထုအတွက် တိုက်ပွဲဝင်နိုင်ဖို့ အခုလို ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် (KNDO) နဲ့ ပူးပေါင်းရတာလို့ ဗိုလ်မှူးစလုံးက ပြောပါတယ်။

“ပြည်သူက ကျွေးတာစားပြီး ပြည်သူထောက်ပံ့ပေးတာတွေနဲ့ ရပ်တည်နေတာဖြစ်လို့ မိဘပြည်သူတွေဒုက္ခရောက်နေချိန် ကျနော့်တာဝန်ကတော့ မိဘပြည်သူတွေ စိတ်ချမ်းသာဖို့အတွက် ပြန်ကာကွယ်ပေးရမယ်။ ကျနော်အကောင်းဆုံးနဲ့ စစ်အာဏာရှင်ကို ပြတ်ပြတ်သားသား တိုက်ထုတ်သွားမယ်။”

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်က ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကနေ ဗိုလ်စလုံး ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၂၀၀ ကျော်ဟာ ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးစီးတဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် (KNDO) အဖွဲ့နဲ့ ပူးပေါင်းလိုက်တာပါ။

လက်ရှိမှာ KNDO က အသစ်ဖွဲ့စည်းမယ့် ကွန်မန်ဒိုအထူးတပ်ရင်းမှာ တပ်ရင်းမှူးရာထူးနဲ့ တာဝန်အား ဗိုလ်စလုံးကို ပေးအပ်သွားမယ်လို့ ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ပြောပါတယ်။

ဒီကနေ့အထိ လေးကေ့ကော်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း DKBA တပ်မတော်အနေနဲ့ မပါဝင်ခဲ့ပေမဲ့ DKBA စစ်ကြောင်းမှူး ဗိုလ်စလုံးဟာ စခန်းမှာရောက်ရှိနေတဲ့ PDF တွေနဲ့အတူ နယ်မြေခံ KNDO၊ KNLA တပ်ရင်း၊ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေကို နယ်မြေခံ KNDO၊ KNLA တပ်ရင်း၊ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့အတွက် ဇန်နဝါရီ ၁၂ ရက်က စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဗိုလ်စလုံးရဲ့ ဖလူးလေးတပ်စခန်းကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့သလို လေကြောင်းကနေပါ အပြင်းအထန် တိုက်ခိုက်ခဲ့တဲ့အတွက် တပ်ဖွဲ့ဝင်တချို့ ကျဆုံးခဲ့သလို စခန်းကနေ ဆုတ်ခွာခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက ကေအန်ယူနဲ့ ပူးပေါင်းကာ မြဝတီမြို့နယ် မော်ခီးစခန်းကို တိုက်ခိုက်ရာမှာ ပါဝင်တဲ့ ဒီကေဘီအေက တပ်မှူး ၃ ယောက်ကို ဒီကေဘီအေ ဌာနချုပ်က ထုတ်ပယ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013