
ဥရောပသမဂ္ဂ (EU) အနေနဲ့ ရေဘေးသင့် မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ငွေ ပေးအပ်ရာမှာ စစ်အုပ်စုဆီရောက်ခဲ့ရင် စစ်အာဏာရှင်တပ်ကို ပိုပြီးတော့ အင်အားကြီးထွားအောင် ကူညီပေးရာရောက်တယ်လို့ လို့ သပိတ်အဖွဲ့တွေက ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်က စစ်အာဏာရှင်လက်အောက်ခံ ဌာနဆိုင်ရာ တာဝန်ရှိသူရဲ့ ကြိုတင်အကြောင်းမကြားဘဲ သဖန်းဆိပ်ဆည်နဲ့ ကာဘိုးဆည်ရေ ဖောက်ချမှုကြောင့် ပြည်သူသန်းနဲ့ချီ ရေဘေးဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကောလင်း၊ တန့်ဆည်၊ ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်း၊ မြင်းမူ၊ မြောင် စတဲ့ မြို့နယ် ၁၁ မြို့နယ်က ပြည်သူ ၁ ဒသမ ၂ သန်းကျော်ဟာ ရေဘေးသင့်ခဲ့ကြရပါတယ်။
လက်ရှိမှာ ဥရောပသမဂ္ဂ (EU) အနေနဲ့ ဒီရေဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေ ယူရို ၁၀ ဒသမ ၅ သန်း ထပ်မံပံ့ပိုး ကူညီမယ်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် ခုလို ရေဘေးဒဏ်ကို အဆိုးဝါးဆုံး ကြုံတွေ့နေရတဲ့ ပြည်သူတွေကို ပံ့ပိုးမဲ့ EU ရဲ့ အကူအညီတွေကို စစ်အုပ်စုကနေတဆင့် ကူညီမှုမပြုလုပ်ဘဲ ရေဘေးသင့်ပြည်သူတွေဆီ တိုက်ရိုက်အကူအညီရောက်ရှိနိုင်ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုနဲ့ မိတ်ဖက်သပိတ်အဖွဲ့ ၄၃ ဖွဲ့က EU ထံ အိတ်ဖွင့်ပေးစာ ပေးပို့ပြီး ဩဂုတ် ၂၄ ရက်က တောင်းဆိုလိုက်ကြပါတယ်။
တဖက်မှာလည်း စစ်အုပ်စုကတဆင့် နိုင်ငံတကာပေးတဲ့ အကူအညီတွေဟာ ရေဘေးသင့် ပြည်သူတွေဆီ တိုက်ရိုက်မရောက်ဘဲ စစ်တပ်ကို ပိုပြီးတော့ အင်အားကြီးထွားအောင် ကူညီပေးနေတာသာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုရဲ့ အထွေထွေလုပ်ငန်းကော်မတီ အဖွဲ့ဝင် ကိုရှင်းသန့်က ထောက်ပြ ပြောဆိုပါတယ်။
“စစ်တပ်ဆီကို ရောက်သွားလို့ရှိရင် ပြည်သူလူထုဆီကို ပြန်ရောက်မှာ မဟုတ်ဘူးပေါ့နော်။ ပြန်ရောက်တယ် ဆိုလို့ရှိရင်လည်း အနည်းအကျဉ်းလောက်ပေါ့နော်။ လက်တဆုပ်စာလောက်ပဲ၊ အဲဒီအတွက်ကြောင့် အဲဒီ ရေဘေးသင့်ပြည်သူတွေကို ထိထိရောက်ရောက် ကူညီပေးနိုင်ဖို့ တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေ ဒီအကူအညီရနိုင်ဖို့အတွက် တောင်းဆိုရတာ ဖြစ်ပါတယ်။ အဲ့တော့ စစ်အုပ်စုကတဆင့် နိုင်ငံတကာပေးတဲ့ အကူအညီတွေက စစ်တပ်ကို ပိုပြီးတော့ အင်အားကြီးထွားအောင်၊ ပိုပြီးတော့ ဟို အဆင်ပြေအောင် ကူညီပေးနေသလို ဖြစ်နေတယ်ပေါ့နော်။”
ရေဘေးသင့်ပြည်သူတွေဆီ တိုက်ရိုက်အကူအညီ ရောက်ရှိနိုင်ဖို့အတွက် စစ်အာဏာရှင်အစိုးရဆီ မပေးပို့ဘဲ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နဲ့ ပူးပေါင်းကာ နယ်စပ်အခြေပြု လမ်းကြောင်းတွေကဆင့် တိုက်ရိုက်ပေးပို့ပေးပါရန် တိုက်တွန်း တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် လက်ရှိမှာလည်း စစ်အုပ်စုအနေနဲ့ ရေဘေးဒုက္ခကြုံနေရသူတွေကို ကူညီကယ်ဆယ်ပေးနေတဲ့ ပြည်သူတွေကို ဖမ်းဆီးတာ၊ ရိက္ခာဆေးဝါးတွေကို သိမ်းယူတာ၊ ရိက္ခာဆေးဝါး တင်ဆောင်လာတဲ့ ကားသမားတွေနဲ့ ကားတွေကို ဖမ်းဆီးတာ စတာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသတွင်း ကူညီပေးနေသူတွေက ပြောပါတယ်။
ဒါ့အပြင် ရေဘေးသင့်ပြည်သူတွေကို ထိရောက်စွာ အကူအညီပေးမဲ့အစား ရေဘေးသင့်ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲချပြီး လူမဆန်တဲ့လူရပ်တွေကို ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
ဘုတလင်မြို့နယ် သပိတ်အင်အားစုမှ ကိုဘုန်းမြင့်အောင်က “ခုလက်ရှိ စစ်ကိုင်းမှာ ရေဘေးသင့်ဒေသတွေအတွက် ကူညီရရှိမှု အခြေအနေက နည်းသေးတယ်ပေါ့နော်၊ လုံလောက်တဲ့ ကူညီရရှိမှုမျိုး မရှိသေးဘူး။ နောက်ပြီးတော့ တခြားဒေသကနေပြီးတော့ ကူညီကယ်ဆယ်ရေး လာလုပ်တဲ့ ပြည်သူတွေကို ဖမ်းတာ ဆီးတာတွေ ရှိတယ်၊ ပစ္စည်းတွေသိမ်းတယ်၊ ကားသမားတွေကို ဖမ်းတာတွေရှိတယ်၊ အခက်အခဲတွေကတော့ ရှိတာပေါ့ဗျာ။ အခုလက်ရှိ ရေကျသွားတယ်ဆိုပေမဲ့ အညာဒေသမှာ ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေတယ်။ တချို့ရွာတွေမှာဆိုရင် စစ်ကောင်စီက မီးရှို့သွားတယ်၊ မီးရှို့ပြီးတော့ ရေကြီးသွားတယ်၊ သူတို့တွေမှာ ဘာဆိုဘာမှ အဆင်ပြေနေတာတော့ မရှိဘူးပေါ့နော်။ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေဘူး။ ပြန်လည်ထူထောင်ရေးအတွက် အများကြီး အများကြီးကို အကူအညီလိုအပ်တုန်းပါ” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ဒေသ အများစုဟာ စစ်ဘေးဒဏ်ခံထားရတဲ့ ဒေသတွေ ဖြစ်တာကြောင့် စစ်ဘေးရှောင်တွေလည်း ရေဘေးကို ထပ်မံရင်ဆိုင်နေရပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေမှာပါ အခက်အခဲများစွာ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ရေဘေးသင့်ဒေသတွေကို သွားရောက် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ပရဟိတအဖွဲ့တွေမှာ စစ်တပ်ဂိတ်တွေက ဖြတ်သန်းခွင့်မပေးတာ၊ ဆေးဝါးသယ်ယူခွင့် မရတာ စတဲ့ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပြီး ပြန်လည်ထူထောင်နိုင်ဖို့ အကူအညီတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။











