DVB Logo
Home
မြန်မာသတင်း
တော်ဦးဘရွာကို စစ်တပ်မီးရှို့၊ နေအိမ် ၅၀၀ ကျော် မီးရှို့ခံရသည့် အရာတော်ပြည်သူများ အကူအညီ လိုအပ်နေ
DVB
·
May 5, 2022
တော်ဦးဘရွာကို စစ်တပ်မီးရှို့၊ နေအိမ် ၅၀၀ ကျော် မီးရှို့ခံရသည့် အရာတော်ပြည်သူများ အကူအညီ လိုအပ်နေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် တော်ဦးဘရွာကို စစ်ကောင်စီတပ်က မေ ၅ ရက်နေ့ည ၉ နာရီလောက်က မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ် ဝင်မနား နယ်မြေခံရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်က လာရောက်မီးရှို့တာလို့ ဒေသခံ တော်ဦးဘရွာသားတဦးက ပြောပါတယ်။

“ညနေပိုင်းကတည်းက ကျနော်တို့ တော်ဦးဘရွာရယ်၊ ဝရဲရွာက လူတွေ အကုန်ထွက်ပြေးနေရတယ်။ မိုးလည်းရွာတော့ အတော်ဒုက္ခရောက်ရတယ်။ အခုလည်း ရွာကို မီးရှို့နေတယ်။ မီးခိုးတွေနဲ့ မီးတောက်တွေ မြင်နေရတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်လားတော့ ရေရေရာရာ မသိဘူး။ လက်နက်သံတွေကတော့ ကြားနေရတယ်။ ဒီကောင်တွေက တိုက်ပွဲမဖြစ်လည်း ရွာတွေ မီးရှို့နေကျပဲဗျ။ ရဲလိုင်းခန်း၊ စစ်လိုင်းခန်းမှာနေတဲ့ ကောင်တွေ၊ အိမ်နဲ့မနေဘူးတဲ့ ကောင်တွေဆိုတော့ အိမ်တလုံးတန်ဖိုး နားမလည်ကြဘူး။ သူ့ပထွေး မင်းအောင်လှိုင် ခိုင်းတိုင်းလုပ်နေကြတယ်။ အခုလည်း ရွာထဲက မထွက်သေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် လာလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ တော်ဦးဘရွာမှာ အိမ်ခြေ ၂၀၀ ကျော်နဲ့ ဝရဲရွာက အိမ်ခြေ ၅၀၀ ကျော်ရှိပါတယ်။ စစ်ကောင်စီတပ် ဝင်ရောက်လာတာကြောင့် ဒေသခံ ၂၈၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေကြရတာလို့ ဒေသခံရွာသားတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မလဲသာရွာကိုလည်း မေ ၂ ရက်နေ့က စစ်ကောင်စီတပ်တွေ  ဝင်ရောက်လာပြီး လူနေအိမ် ၅ဝဝ ကျော်ကို မီးရှို့သွားတာကြောင့် မီးဘေးသင့်ပြည်သူတွေ နေစရာအိမ်မရှိဖြစ်ကာ အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခု ရွာကအိမ်တွေ မီးလောင်သွားတယ်၊ မေ ၂ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတယ်၊ သူတို့ဝင်လာတော့ လူတွေ အကုန်ထွက်ပြေးနေရတယ်၊ မထွက်ပြေးရင် ပစ်သတ်ခံရမှာ။ အခု ကျနော်တို့ရွာက စစ်ကောင်စီက မီးရှို့လို့ နေစရာမရှိဘူး။ အကူအညီတွေလည်း လိုအပ်နေတယ်။  တချို့ ရွာပြန်မလာရဲဘူး၊ တောထဲမှာ နေတယ်။ အခုရွာက မီးရှို့ခံရတဲ့ အိမ်ခြေ ၅၀၀ ကျော်ရှိတယ်၊ ရွာမှာရှိတဲ့ အိမ်ခြေက ၆၀၀ ကျော်ပဲ ရှိတယ်။ မီးလောင်သွားတဲ့ မလဲသာရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

အရာတော်မြို့နယ်ဘက်ကို မတ်လကစပြီး  စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး ဒီတကြိမ်နဲ့ဆိုရင် စစ်ကောင်စီတပ်တွေ မီးရှို့ခံရတာနဲ့ဆိုရင်  လေးကြိမ်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲအခြေအနေနဲ့ပက်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသလို ဒေသခံ‌တွရဲ့ နေအိမ်တွေကို မီးရှို့တာနဲ့ပက်သက်ပြီးလည်း သူတို့လုပ်တာမဟုတ်ဘူးလို့ အမြဲငြင်းဆိုလေ့ရှိပါတယ်။

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် ဧပြီ ၃၀ ရက်အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့တာကြောင့် နိုင်ငံတဝန်း နေရာပေါင်း ၂၉၆  နေရာလောက်က လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၁,၄၁၇ လုံး ပျက်စီးသွားပြီး စစ်ကိုင်းတိုင်းက အိမ်ခြေ ၇၅၀၀ ကျော်နဲ့ အများဆုံးဖြစ်တယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013