DVB Logo
Home
မြန်မာသတင်း
မုံးပေါ်ဒေသ၊ မိုင်ဖန်ရွာအနီး စစ်ကောင်စီတပ်နှင့် MNDAA တပ်တို့ တိုက်ပွဲပြင်းထန်
DVB
·
May 5, 2022
မုံးပေါ်ဒေသ၊ မိုင်ဖန်ရွာအနီး စစ်ကောင်စီတပ်နှင့် MNDAA တပ်တို့ တိုက်ပွဲပြင်းထန်
1 / 2
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း ကမ္ဘာကျော်တိုက်ပွဲ ဖြစ်ခဲ့တဲ့ စီစီဝမ်တာပန် တောင်ရှိရာ မုံးပေါ်ဒေသက မိုင်ဖန်ရွာထိပ်မှာ မေ ၄ ရက်ည ၉ နာရီ ဝန်းကျင်ကနေ ည ၁၂ နာရီ ဝန်းကျင်ထိ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ရွာထိပ်ဘက် တော်တော်ပြင်းတာ။ လက်နက်ကြီးရော လက်နက်ငယ်ရော ပါတယ်။ ခေါင်းရင်းနားမှာ ဖြစ်သလိုပဲ ကြားရတယ်။ ဗုံးခိုကျင်းက မိုးရွာထားတော့ ပြိုလာလို့ ကျောက်စီထားတဲ့ နံရံနားပဲ ပုန်းနေတာ” လို့ ပြောပါတယ်။

မိုင်ဖန်ရွာမှာ တပ်စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို ကိုးကန့် MNDAA တွေက လာပစ်တာလို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။ 

“အောက်ဘက် စစ်ကြောင်းဆင်းသွားလို့ အင်အား မရှိတော့တာသိလို့ လာပစ်တာနေမယ်။ ဖလပ်ရွာ အနီးဘက်နဲ့ ရွာထိပ်က လာပစ်တာ။” 

မိုင်ဖန် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ၁၀ ကြိမ်ဝန်းကျင် ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပြင်းပြင်းထန်ထန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမယ့် အထိအခိုက်နဲ့ ပျက်စီးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မေ ၄ ရက်နေ့ မနက်ပိုင်းက ကွတ်ခိုင်နဲ့ မူဆယ်ကြား ပြည်ထောင်စု လမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယာဉ်မောင်းတွေက ပြောပါတယ်။

“ညနေပိုင်း ကွတ်ခိုင်နဲ့ မူဆယ်ကြား၊ ပြည်ထောင်စုလမ်းမကြီးအနီး ပစ်ခတ်မှုဖြစ်ပွားတယ်။ ဒီရက်ပိုင်း ပြည်ထောင်စုလမ်းမပေါ် ပစ်ခတ်မှုဖြစ်နိုင်တယ်၊ လမ်းကြောအခြေအနေက။ အခြေအနေ စုံစမ်းပြီးမှ သွားရမှာ” လို့ ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။ 

ဒါ့အပြင် မွန်းလွဲပိုင်းမှာလည်း တာလုံနဲ့ မော်တောင်းကြားမှာ စစ်ကောင်စီတပ်နဲ့ PDF တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“တိုက်ပွဲ ဖြစ်တာမှန်တယ်။ အထိအခိုက်လည်းရှိတယ်။ နောက်မှ ကျနော်တို့ ထုတ်ပြန်ချက် ထုတ်မယ်။” 

မုံးပေါ်ဒေသ အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့၊ MNDAA၊ KIA၊ TNLA၊ SSPP/SSA နဲ့ PDF တို့ လှုပ်ရှားသွားလာရာ ဒေသဖြစ်ပြီး လတ်တလော မုံးပေါ်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာတာပါ။ 

ပြီးခဲ့တဲ့ ‌ဧပြီ ၂၆ နဲ့ ၂၇ ရက်တွေကလည်း မုံးပေါ်ဒေသ စီစီဝမ်တာဘန် တောင်ခြေ ဟူဂန့်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အနီးနားရွာထဲက နေအိမ် အဆောက်အုံတချို့ ထိခိုက်ပျက်စီးခဲ့ပြီး ကြံခင်း ဧက ၁၀၀ နီးပါး ‌လောင်ကျွမ်း ပျက်စီးသွားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013