DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း နေအိမ်များကို စစ်ကောင်စီက နေ့စဉ်ရက်ဆက်မီးရှို့နေ၊ ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြု
DVB
·
May 4, 2022
စစ်ကိုင်းတိုင်းအတွင်း နေအိမ်များကို စစ်ကောင်စီက နေ့စဉ်ရက်ဆက်မီးရှို့နေ၊ ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြု
1 / 2
Donate to DVB


စစ်ကိုင်းတိုင်း မြို့နယ်အချို့မှာ ကျေးရွာနေအိမ်တွေကို စစ်ကောင်စီတပ်တွေက နေ့စဉ်ဆိုသလို မီးရှို့ဖျက်ဆီးနေပြီး ပြည်သူတွေကိုလည်း လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ်၊ ဝင်မနားကျေးရွာကို စစ်ကောင်စီတပ်တွေက မေ ၄ ရက်နေ့ မနက် ၆ နာရီခွဲလောက်က မီးရှို့နေတာတွေ ပြုလုပ်နေတယ်လို့‌ ဒေသခံတွေက ပြောပါတယ်။

အဲဒီဝင်မနားကျေးရွာကို မီး‌ရှို့တဲ့ စစ်သားတွေဟာ ဝင်မနားနယ်မြေခံ ရဲကင်းမှာ အစောင့်ယူထားတဲ့ ရဲနဲ့စစ်သားတွေလို့လည်း ဆိုပါတယ်။

ဒေသခံရွာသားတဦးက “ရှို့တာက မနက်ခင်းပိုင်းက စရှို့တာဗျ။ ရဲစခန်းတောင်ဘက်ကနေ စရှို့နေတာ။ ရွာသားတွေက ပြီးခဲတဲ့ လတွေကတည်းက နေရပ်စွန့်ခွာထွက်ပြေးနေရတယ်။ ဘာလို့ထွက်ပြေးနေကြတာလဲဆိုတော့ ကျနော်တို့ရွာမှာ နယ်မြေခံရဲကင်းစခန်းရှိတယ်ဗျ။ အဲဒီစခန်းက ရဲတွေ၊ စစ်သားတွေနဲ့ ပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ရင်း ကြားညပ်မှာစိုးလို့ ရှောင်နေကြတယ်။ အခုလည်း မီးကစရှို့ရှို့ချင်းဆိုတော့ အိမ်ခြေ ၆ လုံးလောက်တော့ လောင်နေပြီဗျ။ ဘယ်လောက်ထိ ရှို့မလဲတော့မသိဘူး” လို့ ပြောပါတယ်။

ကနီမြို့နယ် ဝင်မနားကျေးရွာဟာ ကနီမြို့ရဲ့ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းမှာတည်ရှိပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခံရမှာ စိုးရိမ်တာကြောင့် စစ်အင်အားဖြည့်တင်းကာ ရဲစခန်းအတွင်း ကတုတ်ကျင်းတွေတူးပြိး ကြိုတင်ပြင်စဉ်တာ လုပ်ဆောင်ထားတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာ ၂ ရွာကိုလည်း မေလ ၁ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းက အရှေ့စည်းရွာကို မေ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၇၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ အရှေ့စည်းကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကိုပြောပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းကို ဧပြီလ ၂၂ ရက်နေ့လောက်က စလို့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားနေတာကြောင့် ရွာသူရွာသားတွေ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ရွာက အိမ်ခြေ ၈၀၀ ကျော်လောက်ရှိတာဗျ။ မေ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၇၀၀ လောက် မီးလောင်ပြာကျသွားပြီ။ အိမ်ခြေက ၁၀၀ လောက်ဘဲ ကျန်တော့တာ။ ရွာထဲကိုလည်း ပြန်မဝင်ရဲကြသေးဘူး။ ရွာကို ပြန်ရင်လည်း ကျနော်တို့မှာ နေစရာအိမ်မရှိတော့ဘူး”လို့ ပြောပါတယ်။

အရှေ့စည်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ မေလ ၃ ရက်နေ့မနက်ပိုင်းမှာ မင်းလှရွာက ဒေသခံပြည်သူ ၈ ယောက်ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုကာ ရေရှင်ကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ရေရှင် ရွာသားတယောက်က ပြောပါတယ်။

“ကျနော်တို့ရွာက ပြည်သူတွေအားလုံး ဘေးလွတ်ရာနေရာတွေမှာ ရှောင်တိမ်းနေကြရတာဗျ။ စစ်တပ်နဲ့ ပျူစောထီးတွေ မီးရှို့တော့ အဝေးကပဲ မီးခိုးလုံးတွေ မီးတောက်တွေ လှမ်းမြင်ရတယ်။ မီးငြှိမ်းသတ်မယ့်သူလည်း မရှိဘူးဆိုတော့ တရွာလုံး ကုန်မှာပါပဲ။ အသက်လုပြီး ထွက်ပြေးလာတာဆိုတော့ ဘာမှလည်း ပါမလာဘူး။ တောထဲတောင်ထဲတွေမှာပဲ ဖြစ်သလိုစား ဖြစ်သလို နေထိုင်နေကြရတယ်။ မေ ၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရေရှင်ရွာက မိန်းကလေးတယောက်နဲ့ ရှားဖိုရွာက ပြည်သူ ၃ ယောက် လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်။ ဒဏ်ရာရတဲ့သူကတော့ ၃ ယောက်ထက်မနည်း ရှိတယ်။” 

ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေလို့ အရှေ့စည်းရွာ၊ရှာဖို၊ ဒိုးနွယ်၊ ကျောက်ဖူး၊ တင်သား၊ မင်းလှ၊ အောင်မဂ်လာ၊ အောင်သာယာနဲ့ မှန်တောကျေးရွာတွေက ဒေသခံပြည်သူ ၁၀၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ အဝတ်အထည်နဲ့ ဆေးဝါးတွေ အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်အနေနဲ့ ကျေးရွာတွေကို မီးရှို့တာမျိုး ကျူးလွန်တာမရှိဘဲ PDF တွေကသာ မီးရှို့တာဆိုပြီး စွပ်စွဲပြောဆိုလေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013