DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက မတရားသိမ်းဆည်းချိပ်ပိတ်ရောင်းချမည့် ပြည်သူ့နေအိမ်များ အိမ်ခြံမြေ စျေးကွက်တွင် ဝယ်သူမရှိ
DVB
·
May 3, 2022
စစ်ကောင်စီက မတရားသိမ်းဆည်းချိပ်ပိတ်ရောင်းချမည့် ပြည်သူ့နေအိမ်များ အိမ်ခြံမြေ စျေးကွက်တွင် ဝယ်သူမရှိ
Donate to DVB

စစ်ကောင်စီက မတရားသိမ်းပိုက်ချိပ်ပိတ်ထားရှိတဲ့ အိမ်ခြံမြေတွေကို ဘယ်လိုပုံစံနဲ့ဘဲ ရောင်းရောင်း အိမ်ခြံမြေ စျေးကွက်ထဲမှာတော့ ဝယ်မယ့်သူ  မရှိဘူးလို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တွေက သုံးသပ်ပြောပါတယ်။

နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ အနုပညာရှင်တွေနဲ့ ထင်ရှားကျော်ကြားသူတွေ၊ အန်အယ်လ်ဒီ ပါတီဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့  နေအိမ်တွေ ပိုင်ဆိုင်မှုတွေကို အာဏာသိမ်း စစ်ကောင်စီက မတရားသိမ်းပိုက်ကာ ချိပ်ပိတ်ပြီး နောက် အဆိုပါနေအိမ်အဆောက်အအုံ တွေကို ရောင်းချဖို့ စီစဉ်လာပါတယ်။

အခုလို မတရားသိမ်းဆည်း ချိပ်ပိတ်ထားတဲ့ နေအိမ်တွေကို  ဘယ်လိုပုံစံနဲ့ဘဲ ရောင်းရောင်း ဝယ်မယ့်သူ  မရှိဘူးလို့ အိမ်ခြံမြေအသိုင်းအဝန်းက ပြောပါတယ်။

ရန်ကုန်မြို့မှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦးက “ပြည်တွင်းက လူတွေကတော့ ဘယ်သူမှ ဝယ်မှာ မဟုတ်ကြဘူးနော်။ သာမန်ပြည်သူ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ဘယ်သူမှ ဝယ်ရဲမှာ မဟုတ်ဘူး။ မသိလို့ဝယ်တဲ့ သူဆိုတာကလည်း မရှိနိုင်ဘူးနော်။ ကျနော်ထင်တယ်။ အိမ်ခြံမြေဝယ်မယ့်သူတွေက သူတို့လည်း စနည်းနာပြီးမှ ဝယ်ကြမှာလေ။ အိမ်ခြံမြေ ဝယ်တယ်ဆိုတာက မလွယ်ကူဘူး။ ပတ်ဝန်းကျင်မေးမယ်၊ ပွဲစားမေးမယ် ဟိုမေး၊ဒီမေး လုပ်ကြမယ်လေ။ အဲ့တော့ သိရင် ရှောင်ကြမှာပဲ။ သိဖို့ကလည်း များပါတယ်။ ဥပမာ- အဆိုတော် ချမ်းချမ်းအိမ်ကို ချိတ်ပိတ်ပြီး ရောင်းမယ်လို့ ကြေညာတော့ သန်လျင်တမြို့နယ်လုံးသိတာဘဲ။ အဲ့အိမ်ကိုနော်။ ပွဲစား တယောက်လောက် ပါတယ်ဆိုရင်ကို သိနေပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီက အခုလို ချိပ်ပိတ်ပြီးနောက် ရောင်းချဖို့ ပြင်ဆင်လာတာဟာ တည်ဆဲဥပဒေတွေအရ ညီညွတ်မှု မရှိဘူးလို့  ဥပဒေပညာရှင်တွေက ဆိုပါတယ်။ 

ဝါရင့်ရှေ့နေကြီးတဦးက “တရားရုံးလုပ်ဆောင်မှုက သူ့ပုံမှန်အတိုင်းဆိုရင်တော့ ချိပ်ပိတ်ထားတဲ့အချိန်မှာတော့ ရောင်းခွင့်မရှိသေးဘူး။ တရားရုံးက ဆုံးဖြတ်ချက်ချပြီးပြီဆိုတဲ့ အချိန်မှာတော့ ပုံစံတမျိုးရှိတာပေါ့လေ။ ပြောချင်တာကတော့ အကြပ်ကိုင်တာပေါ့။ တရားဝင်လုပ်ထုံးလုပ်နည်းအရဆိုရင် လေလံပစ်ရတယ်။ လေလံပစ်ပြီးမှ လာဆွဲ အဲ့ဒါမျိုးတွေ လုပ်ရတယ်။ ငွေဘယ်လိုသွင်းရတယ်။ ပိုင်ရှင်ကိုဘယ်လိုပြန်ခွဲပေးမလဲဆိုတာ ရှိရတယ်။ အစိုးရက အကုန်လုံးယူလို့မရဘူး။ ပြန်ပေးရသေးတယ်။ ပိုင်ရှင်ကို ပြန်ပေးရသေးတယ်။ အစိုးရက သူချည်းယူလို့ မရဘူးလေ။ ဥပမာ အိမ်က သိန်း ၁၀၀၀ တန်တယ်ကွာ။ လေလံဆွဲတဲ့သူက သိန်း ၄၀၀ လောက်ပဲပေးမယ့်သူရှိတယ်ဆိုရင် ၄၀၀ ပဲပေါ့။ အဲ့ဒီမှာမှ နိုင်ငံတော်ကိုဘယ်လိုသွင်းမလဲ။ ပိုင်ရှင်ကို ဘယ်လိုပြန်ပေးမလဲရှိရတယ်။ နောက်တခု သိန်း ၁၀၀၀ တန်ကို အပြိုင်အဆိုင်ဆွဲပြီး သိန်း ၂၀၀၀ လောက်ရတယ်ဆိုရင် ပိုတာတွေကို ပိုင်ရှင်ကိုပေးရမယ်။ အဲ့ဒါလုပ်ထုံးလုပ်နည်းတွေ အများကြီးပဲ။ နောက်ပြီးတော့ အိမ်ကပစ္စည်းတွေကို ယူခွင့်မရှိဘူး။ အိမ်အပြင်ထုတ်ထားပေးရတယ်။ ပိုင်ရှင်ကလာယူချင်ယူပေါ့။ အိမ်ကိုလာချိပ်ပိတ်တဲ့သူက ပစ္စည်းတွေ ယူသွားတယ်ဆိုရင် ဥပဒေနဲ့မညီဘူး။ ဒါ တမင်သက်သက် ဥပဒေကို ချိုးဖောက်နေတာပဲ” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက်အထိ  အန်အယ်လ်ဒီက ထုတ်ပြန်ထားရှိတဲ့အချက်အလက်တွေအရ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီဝင်တွေရဲ့ နေအိမ် အဆောက်အအုံပေါင်း  ၂၈၀ ကျော်ကို စစ်ကောင်စီက မတရားသိမ်းဆည်း ချိပ်ပိတ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာလည်း   စစ်အာဏာရှင် တော်လှန်ရေးမှာပါဝင်သူတွေရဲ့ နေအိမ်တွေ စီးပွားရေးလုပ်ငန်းတွေကို ချိပ်ပိတ်သိမ်းယူထားတဲ့အပြင် ဥပဒေလုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး လေလံခေါ်တာ၊ တရားရုံးအမိန့် အတိုင်းဆောင်ရွက်တာတွေမရှိဘဲ ပြန်ရောင်းစားဖို့ကြိုးစားတာတွေ ရှိနေပါတယ်။

စစ်ကောင်စီနဲ့ပေါင်းပြီး ချိပ်ပိတ်အိမ်တွေကို ဝယ်ယူသူဟာ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေသာဖြစ်လို့ စောင့်ကြည့်နေတယ်လို့  နေအိမ်ချိပ်ပိတ်ခံခဲ့ရတဲ့ အရာတော် သပိတ်ဦးဆောင်ကော်မတီဝင် တယောက်က ပြောပါတယ်။

"ကျနော်တို့ ချွေးနည်းစာနဲ့ ဆောက်ထားတဲ့အိမ်တွေကို အတင်းအဓမ္မသိမ်းပြီးတော့ သူတို့ရောင်းချင် သလိုရောင်းနေတယ်ဆိုတဲ့ ပုံစံမျိုးမှာ ဝယ်တဲ့သူမျိုးက စစ်ကောင်စီ ဒေါက်တိုင်လို့ ပြောလို့ရပါတယ်ဗျ။ ဒါတွေက ကျနော်တို့ တနိုင်ငံလုံးသိထားတဲ့ အခြေအနေတွေဖြစ်တယ်။ ချိပ်ပိတ်တယ်ဆိုကတည်းက စာတန်းနီကြီးနဲ့လာကပ်သွားတာဗျာ။ ဒီအချိန်မှာ ချိပ်ပိတ်ထားတဲ့ပြည်သူ့အိမ်ကို ဝယ်တဲ့သူ ဝယ်မယ်လို့စိတ်ကူးတဲ့သူတွေဟာ စစ်ကောင်စီရဲ့ ဒေါက်တိုင်သာဖြစ်တယ်။ ကျနော်တို့ကတော့ သူတို့ဝယ်ခြင်း မဝယ်ခြင်းဆိုတဲ့နေရာမှာ ခုချိန်မှာ စာချုပ်တွေနဲ့ စစ်ကောင်စီနဲ့ ဘယ်လောက်ပူးပေါင်းပြီးပဲလုပ်ထားလုပ်ထား တရားမဝင်သလို နွေဦးတော်လှန်ရေးကြီးအောင်မြင်တဲ့အခါ ကျနော်တို့အိမ် ကျနော်တို့ ပြန်ဝင်မှာ။ သူတို့က လက်နက်နဲ့အတင်းအဓမ္မသိမ်းယူထားတာ။ ရှင်းရှင်းပြောရရင် ဓါးပြတိုက်ထားတဲ့ ပစ္စည်းလို့ ပြောလို့ရတယ်ဗျာ။ ခိုးဝှက်ယူထားတာလို့ပြောလို့ရတယ်။"

တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တော်လှန်ရေးရံပုံငွေအတွက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အင်းယားလမ်း၊ ခြံအမှတ် ၁၄ နေအိမ်ကို ပြည်သူအားလုံး ပါဝင်ယူနိုင်အောင် တန်ဖိုးသင့် အစုရှယ်ယာသဘောမျိုးနဲ့ ရောင်းချပေးသွားမယ်လို့ NUG  စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ကြေညာထားပါတယ်။

အဆိုပါကြေညာချက်ပါဖော်ပြချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ မတရားရယူထားတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ပြန်လည်သိမ်းယူရေးအစီအစဉ်မှာ ပါဝင်လိုကြောင်း အဆိုပြုထားတဲ့ ပြည်သူအရေအတွက်က  ဒီအစီအစဉ်ကြေညာပြီး ၄ ရက်အတွင်းမှာ ၁၇၀၀၉ ဦး ရှိပါတယ်။ 

တန်ဖိုးအားဖြင့် မြန်မာကျပ်ငွေ ဘီလီယံ ၃၀ နီးပါး (အမေရိကန်ဒေါ်လာ ၁၅ သန်းခန့်) ရရှိနေပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013