DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့နိုင်ငံများတွင် တရုတ်နှင့် မြန်မာက သတင်းသမားများကို ဖမ်းဆီးထောင်ချမှု အမြင့်ဆုံးဖြစ်
DVB
·
May 3, 2022
ကမ္ဘာ့နိုင်ငံများတွင် တရုတ်နှင့် မြန်မာက သတင်းသမားများကို ဖမ်းဆီးထောင်ချမှု အမြင့်ဆုံးဖြစ်
Donate to DVB

တရုတ်နဲ့ မြန်မာနိုင်ငံဟာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချမှုအများဆုံး နိုင်ငံတွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။

နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ဒီကနေ့ မတ် ၃ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့မှာ ထုတ်ပြန်ချက်ကို ကိုးကားပြီး ခုလိုဖော်ပြလိုက်တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့နိုင်ငံတွေရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၈၀ ထဲမှာ အဆင့် ၁၇၆ နေရာမှာ ရှိနေပါတယ်။

မနှစ်ကတော့ မြန်မာနိုင်ငံက အဆင့် ၁၄၀ မှာ ရပ်တည်နေတာမို့ မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆယ်စုနှစ်တစုခန့် နောက်ပြန်ဆုတ်သွားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံတွင်းက သတင်းမီဒီယာတွေ၊ သတင်းသမားတွေနဲ့ လူထုသတင်းသမားတွေအပေါ် အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေမှုတွေကို ဖိအားပေးအရေးယူဖို့ ထုတ်ပြန်ထားပါတယ်။

အခုလို ဖိနှိပ်ရန်ပြုမှုတွေ ရှိနေတဲ့ကြားက သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားကြတဲ့ သတင်းမီဒီယာတွေ၊ သတင်းသမားတွေ၊ လူထုသတင်းသမားတွေနဲ့ သတင်းရင်းမြစ်တွေဟာ အခက်အခဲ၊ အတားအဆီး၊ အန္တရာယ်ပေါင်းများစွာကြားက လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တို့ကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ကြိုးစားဆောင်ရွက်နေတဲ့အတွက် အကြမ်းဖက်စစ်အုပ်စုအနေနဲ့ သတင်းမီဒီယာတိုက်ပွဲမှာ ကြီးစွာ ရှုံးနိမ့်မှုကို ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်အာဏာသိမ်းပြီးချိန်ကတည်းက သတင်းမီဒီယာသမားတွေအပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သူတွေ၊ အပြစ်မဲ့ အရပ်သားပြည်သူတွေပါမချန် မင်းမဲ့စရိုက်ဆန်ဆန် ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်မှုတွေ ကျူးလွန်နေခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကတည်းက အကြမ်းဖက်စစ်ကောင်စီက ဒီဗွီဘီသတင်းဌာနအပါအဝင် ပြည်တွင်းသတင်းမီဒီယာ ၁၁ ခုကို လိုင်စင်ပိတ်သိမ်းခဲ့ပြီး တချို့မီဒီယာတွေဟာ ရပ်နားခဲ့ရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား အယောက် ၁၆၀ ကျော်ကို ဖမ်းဆီးတာ၊ ဖမ်းဝရမ်းထုတ်တာတွေ လုပ်ခဲ့ပြီး ဒီထဲက အယောက် ၅၀ ကျော်ဟာ အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။

သတင်းသမား ၃ ယောက်ကတော့ စစ်မြေပြင်နဲ့ စစ်ကြောရေးမှာ ကျဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူအယောက် ၁,၈၀၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၅၀၀ ကျော်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေ ၂ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013