DVB Logo
Home
မြန်မာသတင်း
သတင်းသမားများအတွက် တရားမျှတမှုရရှိရေးကြိုးပမ်းမည်ဟု ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် NUG ကြေညာ
DVB
·
May 3, 2022
သတင်းသမားများအတွက် တရားမျှတမှုရရှိရေးကြိုးပမ်းမည်ဟု ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် NUG ကြေညာ
Donate to DVB

သတင်းမီဒီယာတွေ၊ သတင်းသမားတွေ၊ လူထုသတင်းသမားတွေနဲ့ သတင်းရင်းမြစ်တွေအပေါ် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် တရားမျှတမှုရှိစေရေး ကြိုးပမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  ထုတ်ပြန်ပါတယ်။

မေ ၃ ရက် ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပြီး သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ သတင်းလွတ်လပ်ခွင့်ကို ကျင့်သုံးကြသူတွေ ထိခိုက်နစ်နာတာမရှိစေဖို့ ကာကွယ်ပေးနိုင်ဖို့အတွက်လည်း သမိုင်းဖြစ်စဉ်တွေအပေါ် သင်ခန်းစာယူ ပြင်ဆင်သွားရမယ်လို့ ဆိုပါတယ်။

အရင်ကတည်းက မလွတ်လပ်ခဲ့တဲ့ သတင်းလောကဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာ ပိုဆိုးရွားလာပြီး သတင်းသမားတွေကို ရာဇဝတ်သားလို သဘောထား၊ ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိလာတယ်လို့ သတင်းသမားတွေက ပြောပါတယ်။

ရန်ကုန်အခြေစိုက် သတင်းသမားတယောက်က “သတင်းသမားတွေကို စစ်ကောင်စီက အငြိုးအတေးထားလာတယ်။ ဘာကိုမှမလုပ်နိုင်အောင် ထိန်းချုပ်ထားလို့ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ သတင်းသမားတွေကတော့ သတင်းရယူ တင်ဆက်ဖို့ ဆက်လက် ကြိုးစားနေမှာပါပဲ။ သတင်းလွတ်လပ်ခွင့်အတွက် တိုက်နေတဲ့ ကျမတို့ သတင်းသမားတွေကတော့ သတင်းလွတ်လပ်ခွင့်ရဖို့ ဆက်လက်ကြိုးစားနေရမှာပါပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား အယောက် ၁၆၀ ကျော်ကို ဖမ်းဆီးတာ၊ ဖမ်းဝရမ်းထုတ်တာတွေ လုပ်ခဲ့ပြီး ဒီထဲက အယောက် ၅၀ ကျော်ဟာ အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲဖြစ်ပါတယ်။

သတင်းသမား ၃ ယောက်ကတော့ စစ်မြေပြင်နဲ့ စစ်ကြောရေးမှာ ကျဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအခြေအနေဟာ မြန်မာသတင်းလောကအတွက် မျှော်လင့်စရာမရှိလောက်အောင် ဖြစ်နေတယ်လို့ သတင်းသမားတယောက်က ဆိုပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို များများ ဖော်ထုတ်၊ မှတ်တမ်းတင်ဖို့ လိုအပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်လက်မဲ့ ဖြစ်သွားတဲ့ သတင်းသမားတွေ အများကြီး ရှိတယ်။ တချို့ကလည်း ပြည်ပနိုင်ငံတွေ ရောက်သွားတယ်။ တချို့ကလည်း ပြည်တွင်းမှာပဲရှိနေပြီး သတင်းထောက်ဉာဉ်ကရှိနေတော့ သူတို့ရလာတဲ့ပုံ၊ သတင်းတွေကို သတင်းဌာနတွေကို ငွေမရဘဲ ပို့ပေးနေတယ်။ သူတို့တွေကို လုံလောက်စေမဲ့ လုပ်ခ၊ ဉာဏ်ပူဇော်ခတွေ ပေးသင့်တယ်လို့ မြင်တယ်။ သူတို့အတွက် လုံခြုံအောင်လုပ်ပေးသင့်တယ်လို့ မြင်တယ်။ သတင်းသမားတွေဟာ ဒီတော်လှန်ရေးမှာ သင့်တော် တတ်ကျွမ်းတဲ့ နေရာတွေမှာ ပါဝင်နေကြပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ဒီဗွီဘီအပါအဝင် သတင်းဌာန ၁၁ ခုကို လိုင်စင်သိမ်းလိုက်ပြီး 7 Day အပါအဝင် သတင်းထောက် အများအပြားရှိနေတဲ့ ဌာန ၃ ခုကတော့ ယာယီပိတ်သိမ်းခဲ့လို့ သတင်းသမား အများအပြား အလုပ်လက်မဲ့ဖြစ်သွားခဲ့တာပါ။

တိုင်းရင်းသားမီဒီယာတခုရဲ့ အယ်ဒီတာချုပ်တယောက်ကတော့ “သတင်းသမားကနေ ရာဇဝတ်သားလိုပဲ သတ်မှတ်ခံရတဲ့ဘဝမှာ သတင်းလွတ်လပ်ခွင့်ဆိုတာ ပိုပိုပြီး ဝေးသွားပါပြီ။ စစ်ကောင်စီက သတင်းသမားတွေကို ပိုပြီး ခြိမ်းခြောက်လာတယ်။ ဖိနှိပ်လာတယ်။ စစ်ကောင်စီက သတင်းအမှားတွေကိုပဲ ဝါဒဖြန့်နေတယ်။ ဒီလို အခြေအနေမှာ တကယ်သတင်းမှန်ကို ပိုပြီး တင်ပြနိုင်ဖို့ လိုပါတယ်။ သတင်းမှန်တွေကို ပြည်သူတွေရော နိုင်ငံတကာအသိုင်းအဝိုင်းကရော သိဖို့လိုပါတယ်” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုမှာ သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားတဲ့ အတွေးအေခါ်တွေ ထွန်ကားရှင်သန်ရေး၊ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ရန်ပြုတာတွေ လျော့ပါးပပျောက်ရေးနဲ့ သတင်းလွတ်လပ်ခွင့် အပြည့်အဝရဖို့အတွက် အာမခံနိုင်တဲ့ အခြေခံအဆောက်အအုံတွေ စနစ်တကျ တည်ဆောက်နိုင်ရေးတို့ကို တော်လှန်ရေးအင်အားစုတွေနဲ့အတူ ဦးတည်ချက်ထား ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂ(အီးယူ) မြန်မာရုံးကတော့ ကမ္ဘာတဝန်းရှိ  စာနယ်ဇင်း သတင်းသမားတွေနဲ့ သတင်းမီဒီယာသမားတွေကို ဆက်လက် ကာကွယ်စောင့်ရှောက်ဖို့ ကတိကဝတ်ကို အခိုင်အမာ ထပ်လောင်း ကတိပြုပြီး မြန်မာနိုင်ငံမှာ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူ အားလုံးကို လွှတ်ပေးဖို့ ဒီကနေ့  ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ  တောင်းဆိုလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013