
စစ်ကိုင်းတိုင်း ကသာမြို့နယ် အင်းကျေးရွာ နေအိမ်တွေကို မေလ ၂ ရက်နေ့ ညနေက မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
အင်အား ၁၀၀ လောက်ရှိ စစ်ကောင်စီတပ်ဟာ ကသာမြို့နယ်၊ အင်းကျေးရွာက နေအိမ်တွေကို မီးရှို့ပြီးအပြန် ထီးချိုင်းမြို့နယ်၊ ညောင်ပင်စုကျေးရွာနဲ့ ကိုးတဲကျေးရွာကြားရှိ သင်္ချိုင်းကုန်းအရောက်မှာ Special 9-HPDF နဲ့ မဟာမိတ်အဖွဲ့တွေက မိုင်း ၆ လုံးဆွဲ တိုက်ခိုက်ခဲ့တာလို့ အဖွဲ့ခေါင်းဆောင်က ပြောဆိုပါတယ်။
“အင်းရွာက အိမ်တွေကိုမီးရှို့ပြီး ထီးချိုင့်မြို့နယ်ထဲကို ဆင်းလာခဲ့တာ။ ညောင်ပင်စုရွာနဲ့ ကိုးတဲရွာကြားမှာရှိတဲ့ သင်္ချိုင်းကုန်းအရောက်မှာ ကျနော်တို့ထောင်ထားတဲ့ မိုင်းကွင်းထဲရောက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ မိုင်း ၆ လုံးနဲ့တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ မြင်ရတာကတော့ ဒဏ်ရာရပြီး ကျသွားတာမြင်လိုက်တယ်။ သေမသေတော့မသိဘူး၊ အခုနောက်ပိုင်း ဒေသခံတွေဆီကသတင်းရတာက ၂၀ လောက်သေပြီး၊ ၂၀ လောက် ဒဏ်ရာရတယ်လို့သိရတယ်။ အခုလောလောဆယ် သူတို့နာရေးကားစောင့်နေတယ်၊ ရွာအပြင်မှာ အလောင်းတွေကို မိုးကာအုပ်ထားတယ်လို့ သိရတယ်။”
အဆိုပါ တိုက်ပွဲကို Special.9-HPDF၊ FOX Army -HPDF၊ ကိုးတောင်ကျားနဲ့ ရေမြွေအဖွဲ့တို့က ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မေ ၂ ရက်နေ့ နေ့လယ် ၂ နာရီကျော် လောက်ကလည်း ဝန်းသိုမြို့နယ်ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ထောက်ကြံ့တောနဲ့ ဒုန်းဒုတ်ရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။။
ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတာ မသိရသေးဘဲ စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးတာ တွေ ရှိတယ်လို့ ဒေသခံပြည်သူ တဦးက ပြောပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြား အတည် မပြုနိုင်သေးပါဘူး