DVB Logo
Home
မြန်မာသတင်း
ဧပြီလအတွင်း ထိုင်းသို့ တရားမဝင် လာရောက်သည့် မြန်မာနိုင်ငံသား ၁၇၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
May 2, 2022
ဧပြီလအတွင်း ထိုင်းသို့ တရားမဝင် လာရောက်သည့် မြန်မာနိုင်ငံသား ၁၇၀၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှု ၊ အသက်အိုးအိမ်လုံခြုံမှုမရှိ အလုပ်အကိုင်ရှားပါး စားဝတ်နေရေး ခက်ခဲတာတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံထဲ အများအပြား ဝင်ရောက်လုပ်ကိုင်ကြပြီး ရဲအဖမ်းခံရတာလည်း နေ့စဉ်ရှိနေပါတယ်။ 

ဒီ ၂၀၂၂ ဧပြီလ တလတည်းမှာ အဖမ်းခံရသူ ၁၇၁၀ ဦးရှိပြီး လူမှောင်ခိုပွဲစား ၁၄ ဦးပါ အဖမ်းခံရကြောင်း၊  ၂၀၂၂ ခုနှစ်ထဲမှာဆိုရင်တော့ စုစုပေါင်း ၁၂၃၀၀ ကျော်ရှိပြီး သူတို့တွေဟာ နယ်စပ်ကနေ ဝင်ရောက်စဉ် အဖမ်းခံရတာရှိသလို ထိုင်းနိုင်ငံအတွင်းပိုင်းထိ ရောက်မှ အဖမ်းခံရတာလည်းရှိကြောင်း၊ ပုံစံအမျိုးမျိုးနဲ့ ရအောင်ဝင်လာကြပြီး ယာဉ်မတော်တဆဖြစ်တာကြောင့် သေဆုံးဒဏ်ရာရတာတွေလည်း ရှိတယ်လို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ သိရသလောက်ဆိုရင်တော့ ဒီဧပြီလထဲမှာ အဖမ်းခံရတာ ၁၇၁၀ ဦး၊ ပွဲစား ၁၄ ဦးနဲ့ ဇန်နဝါရီလကနေ ဧပြီထိ ၄ လအတွင်း အဖမ်းခံရတာ ၁၂၃၀၀ ကျော်ရှိပါတယ်။ ဇန်နဝါရီလမှာ ၄၀၀၀ ကျော်၊ ဖေဖော်ဝါရီမှာ ၅၀၀၀ ကျော်၊ မတ်လမှာ ၁၆၀၀၊ ဧပြီမှာ ၁၇၁၀ ပေါ့။ သူတို့ အဖမ်းခံရတာက မြန်မာနယ်စပ် တာ့ခ်၊ ကန်ကျနပူရီ၊ ချင်းရိုင်း၊ ရနောင်း၊ ချွန်းဖွန်း၊ ပရကျုပ်ခီရီခန်နဲ့ မလေးရှားနယ်စပ်တွေမှာ ပြီးတော့ ထိုင်းအတွင်းပိုင်း အယုဒ္ဓယ၊ ချွန်းပူးရီးခရိုင်တွေမှာလည်း အဖမ်းခံရတာရှိတယ်။  ပွဲစားကို အနည်းဆုံး ဘတ် ၁၈၀၀၀ ကနေ ၃၀၀၀၀ ထိ ပေးရတယ်။ ပုံစံအမျိုးမျိုးနဲ့ တချို့က ဟင်းသီးဟင်းရွက်တွေကြားထဲ ပုန်းပြီးလိုက်လာတယ်၊ တချို့က အမှိုက်ကားနဲ့လိုက်လာတယ်၊ အဲဒါလည်းမလွတ်ဘူး၊ အဖမ်းခံရတာပဲ။ လမ်းမှာ စစ်ဆေးရေးဂိတ်တွေရှောင်ရင်းနဲ့ ယာဉ်မတော်တဆဖြစ်ပြီး သေဆုံးဒဏ်ရာရတာလည်း ခဏခဏပါပဲ။”

ဖမ်းဆီးခံရသူတွေဟာ လဝကဥပဒေ၊ ကိုဗစ်-၁၉ ဥပဒေတွေအရဆိုရင် ထောင်ဒဏ် ၁ နှစ်ကနေ ၁၀ နှစ်ထိ၊ ငွေဒဏ် ဘတ် ၅ ထောင်ကနေ ၅ သောင်းထိ ကျခံရမှာဖြစ်ပေမယ့် ထိုင်းဘုရင်ရဲ့မဟာကရုဏာတော်အရ၊ နှစ်နိုင်ငံချစ်ကြည်ရေးအရနဲ့ အချုပ်ခန်း၊ အကျဉ်းစခန်း စစ်တန်းလျားနဲ့ ပြည်သူ့စစ်စခန်းတွေမှာပါ အဖမ်းခံထားရတဲ့သူတွေပြည့်ပြီး နေရာမရှိတော့လို့ ၃ လ မှ ၆ လအတွင်းသာ ထိန်းသိမ်းပြီး ပြန်ပို့ကြောင်း၊ ငွေဒဏ်မှာလည်း သူတို့မှာ ပေးစရာမရှိတာ သိလို့ မကောက်တဲ့အပြင် စစ်တန်းလျားမှာဆိုရင် စစ်သားတွေကိုကျွေးတဲ့အတိုင်း တနေ့ ထမင်း ၂ နပ် နဲ့ ကော်ဖီ လက်ဖက်ရည်ပါတိုက်တယ်လို့ ဆိုပါတယ်။ 

ပြစ်ဒဏ်စေ့သူတွေကို မြန်မာအလုပ်သမား သံအရာရှိတွေနဲ့ ဆက်သွယ်ပြီး မြန်မာပြည်က တာဝန်ရှိသူဆီ အပ်နှံပေးရာမှာ မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်ကနေ တပတ်ကို ၃ ကြိမ် တနင်္လာ၊ ဗုဒ္ဓဟူး နဲ့ စနေနေ့တွေမှာ ပို့ဆောင်ပေးနေကြောင်း၊  ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်ကနေ အခု ဧပြီ ၃၀ ရက်နေ့ထိ ပြန်ပို့ခံရသူ စုစုပေါင်း ၃၂၄၇၃ ဦးရှိသွားပြီလို့ ဦးမိုးကြိုးက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013