DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ် ထိုးစစ်ဆင်၊ နေအိမ်များမီးရှို့ပြီး ပြည်သူများကို ဓားစာခံ ဖမ်းဆီး
DVB
·
May 2, 2022
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ် ထိုးစစ်ဆင်၊ နေအိမ်များမီးရှို့ပြီး ပြည်သူများကို ဓားစာခံ ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့ကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေပြီး ကျေးရွာတချို့က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းတွေ အဓမ္မယူဆောင်တာနဲ့ ဒေသခံတွေကို ဓားစာခံအဖြစ် ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

မေလ ၁ ရက် ညနေ ၄ နာရီလောက်က ဘုတလင်မြို့ပေါ် နဲ့ ခင်ဦးမြို့နယ်ထဲက ကျေးရွာတချို့ကို  စစ်တပ်က ရွာသားတွေပိုင် ပစ္စည်းတွေ ဝင်ရောက်ဖျက်ဆီးကာ ယူဆောင်သွားတယ်လို့ ဘုတလင်မြို့ခံ ဈေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

နမခဘက်က ထွက်လာတဲ့စစ်တပ်ဟာ ဘုတင်လင်မြို့ပေါ်ကို ညနေ ၄ နာရီမှာ‌ ရောက်လာကာ ဈေးဆိုင်းတွေကို ပိတ်ခိုင်းပြီး ရေးဦး-ဘုတင်လင်လမ်းနဲ့ ဘုတလင်-ကန်သာလမ်းကို ပိတ်ထားတယ်လို့ ဈေးဆိုင်ပိုင်ရှင်က ပြောပါတယ်။

“PDF တွေက ပိတ်ခိုင်းရင် ပိတ်တာကြောင့် သူတို့ ပိတ်ခိုင်းရင်လည်း ပိတ်ရမယ်လို့ ပြောပြီး ပိတ်ခိုင်းတာ။ ပြီးတော့သူတို့ လိုချင်တာတွေ အကုန်ယူတယ်။ ဈေးခင်းတဲ့ ခုံတွေ၊  စားပွဲတွေ အကုန်ရိုက်ချိုးတယ်။”

အလားတူ ခင်ဦးမြို့နယ် ရွာသစ်ကုန်းရွာကနေ အိမ်ခြေ ၅၀၀ ရှိတဲ့ အင်းပတ်ရွာကို ညနေ ၄ နာရီလောက် စစ်တပ်နဲ့ပျူစောထီအဖွဲ့တွေ ရောက်လာပြီး သံသယရှိတဲ့အိမ်တွေနဲ့ NLD ထောက်ခံတယ်ထင်တဲ့ အိမ်တွေကို ဝင်ရောက်ရှာဖွေကြပြီး ပစ္စည်းတွေကို ဖျက်ဆီးကြတယ်လို့  အင်ပတ်ကျေးရွာခံ တဦးက ပြောပါတယ်။

“ရေဦးမြို့ပေါ်ကနေ သံချပ်ကာ ကား ၃ စီး နဲ့ ပထမရောက်လာတယ်။ ရွာသစ်ကုန်းကနေ ပျူတွေကို ခေါ်ဝင်လာတယ်။ ပြေးနိုင်တဲ့သူ ထွက်ပြေးကြတယ်။ အဘိုး၊ အဘွားတွေနဲ့ မသန်စွမ်းတွေတော့ ရွာထဲကျန်ခဲ့တယ်။ သံသယရှိသူအိမ်တွေနဲ့ NLD ပါတီ ထောက်ခံတယ်ထင်တဲ့ အိမ်တွေထဲဝင်ပြီး မွှေတယ်။ သူတို့ လိုချင်တာ မတွေ့ဘူးဆိုရင် အိမ်ထောင်ပရိဘောဂတွေ အကုန်ရိုက်ချိုးတယ်။”

ဧပြီ ၂၉ ရက်ကလည်း ကန့်ဘလူမြို့နယ်က အင်ငုတ်တိုရွာက လူနေအိမ် ၁၂၀ လောက်ကို စစ်တပ်က မီးရှို့ခဲတယ်လို့ အင်ငုတ်တိုရွာခံတဦးက ပြောပါတယ်။

“မနက် ၁၀ နာရီလောက် စစ်ကောင်စီတပ် ရွာထဲ ဝင်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာတာမို့  လူတွေ အကုန်ထွက်ပြေးရတယ်။ အိမ် ၃၀၀ ကျော်မှာ ၁၂၀ ကျော်မီးလောင်သွားတယ်။” 

အိမ်တွေ မီးလောင်ခဲ့ရသလို နွား၊ ကြက်၊ ဝက် စတဲ့ လယ်ယာသုံးနဲ့ တိရစ္ဆာန်တွေလည်း မီးလောင်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီနေ့မှာပဲ အင်ငုတ်တိုရွာတင်မက ဒီပဲယင်းမြို့နယ်က ယင်းတွေရွာ၊  မြင်းမူမြို့နယ်က ကန်တော်ရွာ၊ ခင်ဦးမြို့နယ်က ဂွေးကုန်းနဲ့ တပင်ကောင်းရွာ၊ ရွှေဘိုမြို့နယ်က ကျားရွာကိုပါ မီးရှို့ခဲ့ပါတယ်။

ဧပြီလကုန်ပိုင်းမှာတော့ တန့်ဆည်နယ်တဝိုက် စစ်ကောင်စီစစ်ကြောင်းဟာ အင်း၊ ဂရိတ် စတဲ့ကျေးရွာတွေကို မီးရှို့တာအပြင် လေကြောင်းတိုက်ခိုက်တာ၊ အဲဒီနောက်မှာ ရွာသား ၁၅၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ Special Attacking Force-Upper Burma-SAFအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

တန့်ဆည်ဒေသခံတဦးက "ကျနော်တို့ဘက်ကို တော်တော်ဖိမယ်တဲ့။ တန့်ဆည်နဲ့ အနီးအနား ဝန်းကျင်မှာလည်း အင်အားတွေ ခင်ဦးနဲ့ ရေဦးမှာလည်း အတော်များနေပြီ။ သူတို့ အင်အားတော်တော်ဖြည့်နေပြီ။ နောက်ထပ် ဒီဘက်ကို လာဖို့ရှိတယ်။ ဘယ်နယ် ဘယ်‌နယ်ကို လာမယ်တော့ မသိဘူး” လို့  ပြောပါတယ်။

လတ်တလောမှာတော့ ရေဦး နဲ့ တန့်ဆည်နယ်တွေဘက်မှာ အင်အားဖြည့် စစ်ကြောင်းထိုးကာ မီးရှို့ ပစ္စည်းယူပြီး ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးနေတဲ့ စစ်တပ်အနေနဲ့ ဧပြီလထဲမှာတော့ အယောက် ၈၀ လောက်ထိ ကျဆုံးပြီးပြီလို့ SAF ဆီက သိရပါတယ်။

အခုလို တိုက်ခိုက်မှုတွေကို SAF-Special Attacking Force(Upper Burma)  နဲ့ Taze People Comrades တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပင်လယ်ဘူးမြို့နယ်မှာတော့ အင်အား ၂၀၀ လောက်နဲ့ စစ်တပ်နယ်မြေရှင်းလင်းရာမှာ အရပ်သား ၄၀ ကျော်ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သူတို့ဟာ ရွာပေါင်းစုံက ဖြစ်ပြီး ဧပြီ ၂၇ ရက်က ခေါ်ဆောင်သွားရာကနေ ဒီနေ့အထိ ပြန်မလွတ်လာသေးပါဘူး။

စစ်ကြောင်းထိုး ရှာဖွေရှင်းလင်းရေးကိုတော့ ပင်လယ်ဘူးက ရွာ ၁၀ ရွာကို လုပ်နေတာမို့ ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာ ထွက်ပြေးနေရဆဲပါ။

ပင်လယ်ဘူးဒေသခံရွာသားတဦးက “သူတို့ စစ်ကြောင်းထိုးတာက ပင်လယ်ဘူးမြို့ပေါ်ကနေ အရပ်သားအဝတ်‌တွေ ဝတ်ပြီး စစ်ကြောင်း နှစ်ကြောင်းခွဲထိုးလာတယ်။ သူတို့ အဲဒီလို စစ်ကြောင်းထိုးရင်း ရွာသား နှစ်ဦးကိုလည်း ပစ်သတ်ခဲ့တာတွေလည်း ရှိခဲ့တယ်” လို့ ပြောပါတယ်။

ပင်လည်ဘူးမြို့ပေါ်က ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်နဲ့ ပျူစောထီးပေါင်း  ၃၀၀ ကျော်လောက်ရှိတယ်လို့ ဒေသတွင်းပြည်သူကာကွယ်ရေးအဖွဲ့တွေက ပြောဆိုချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း မြိုနယ်တချို့မှာ ဖြစ်ပွားနေတဲ့ အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က အသိပေးထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013