
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဧပြီ ၂၉ ရက်က စစ်ကောင်စီတပ်က ကြံသာကျေးရွာနဲ့ မြောက်စည်းကျေးရွာဘက်ကနေ တင်သားအုပ်စုက ကျေးရွာတွေကို လက်နက်ကြီးတွေ နဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရှေ့စည်းရွာက ဒေသခံလူနေအိမ် ၃ လုံး မီးလောင် ပျက်စီး သွားပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားတယ်လို့ အရှေ့စည်းရွာကဒေသခံတစ်ဦးက ပြောပါတယ်။
"လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်နေတာ။ ဒါကြောင့်ရွာမှာ မနေရဲကြဘူး။ ပြေးနေကြရတာ အခုလည်း ရွာထဲကနေ အိမ်တွေ လက်နက်ကြကျပြီး မီးလောင်သွားတယ်။ အရင်တခါကလည်း လက်နက်ကြီမှန်လို့ အဖိုး ဦးဖိုးတုတ်လည်း ဆုံးခဲ့ရပြီးပြီ။"
လက်ရှိမှာတော့ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးရန်နဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတောတောင်ဒေသတွေမှာ နေထိုင်နေကြရပြီးနေထိုင်စားသောက်ရေး အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။
လက်တလောမှာတင်သား ကျေးရွာအုပ်စုအတွင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ကလေး PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပါတယ်။
ဧပြီ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်သားတွေက နန်းကသည်းမြစ်တစ်ဖက်ကမ်းရှိ မြောက်စည်းရွာကနေ အရှေ့စည်းရွာဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအသက် ၆၆ နှစ်အရွယ်ရှိ ဦးဖိုးတုတ်မှာ လက်နက်ကြီးမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။