
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ဘက်ခေါင်းဆောင်တွေကို ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် ပြစ်မှုတွေအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတကာ တရားစီရင်ရေး (Universal Jurisdiction) အောက်မှ တရားစွဲဆိုထားတဲ့အမှုကို ဒီကနေ့ ဧပြီ ၆ ရက်မှာ တရားရုံးက လက်ခံစစ်ဆေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီအမှုကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ခံခိုင်းနိုင်ဖို့အတွက် ရည်ရွယ်တင်သွင်းခဲ့တာဖြစ်ပြီး အင်ဒိုနီးရှား တရားရုံးဘက်က လက်ခံလိုက်တာကြောင့် နောက်တဆင့်အဖြစ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။
မြန်မာစစ်အုပ်စုရဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် တရားစွဲဆိုထားတဲ့ တိုင်ကြားသူ ၁၀ ယောက်ထဲမှာ ရိုဟင်ဂျာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ Rohingya Maiyafuinor Collaborative Network ရဲ့ အမှုဆောင်ဒါရိုက်တာ Yasmin Ullah ပါဝင်ပါတယ်။ တိုင်ကြားချက်ထဲမှာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို အဓိက ကျူးလွန်ခဲ့တဲ့ တရားခံတွေအဖြစ် စစ်ကောင်စီ ခြေမြန်တပ်မ (၃၃) နဲ့ (၉၉) ဆိုတဲ့ တပ်မ ၂ ခုကို အတိအကျ ထည့်သွင်းဖော်ပြထားတယ်လို့ ဆိုပါတယ်။
Yasmin Ullahက “ကျမတို့ ဒီအမှုကို အင်ဒိုနီးရှားမှာ ဘာလို့ လာစွဲရသလဲဆိုရင်၊ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေကြားကနေ မြန်မာပြည်၊ ဘင်္ဂလားဒေ့ရှ်နဲ့ တခြားနေရာတွေကနေ ဒီဒေသဘက်ကို ထွက်ပြေးတိမ်းရှောင်လာရတဲ့ ရိုဟင်ဂျာ ၇,၀၀၀ ကျော် ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှား ပြည်သူတွေရဲ့ စေတနာကို အားကိုးတာလည်း ပါပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကျမ တွေ့ခဲ့ရတဲ့ အင်ဒိုနီးရှားလူမျိုး အတော်များများဟာ အရမ်းကို စိတ်ကောင်းရှိပြီး ကျမတို့နောက်ကနေ အခိုင်အမာ ရပ်တည်ပေးနေကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဒေသတွင်းကနေ တာဝန်ခံမှု၊ တာဝန်ယူမှုတွေ ပေါ်ပေါက်လာအောင် တွန်းအားပေးဖို့ အခုအချိန်ဟာ အကောင်းဆုံး အချိန်ပဲလို့ ကျမ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုထိ ဒီဒေသမှာ အဲဒီလိုမျိုး မရှိသေးလို့ပါ” လို့ ပြောပါတယ်။
ဒါ့အပြင် အင်ဒိုနီးရှားဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေမှာ အဓိက ဦးဆောင်နေတဲ့ နိုင်ငံဖြစ်လို့ ဒီမှာ အမှုဖွင့်ရတာဖြစ်ပြီး ဒေသတွင်းမှာရှိနေတဲ့ ရိုဟင်ဂျာတွေအတွက် တာဝန်ခံမှု ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်သလို မြန်မာပြည်သူ အားလုံးအတွက် ဖြစ်ကြောင်း၊ ဒေသတွင်း တရားစီရင်မှု နည်းလမ်းတခု အဖြစ်လည်း အရေးပါတဲ့ ခြေလှမ်းတခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
Yasmin Ullah က “ရိုဟင်ဂျာတွေအနေနဲ့ ကိုယ့်မွေးရပ်မြေမှာ ကျူးလွန်သူတွေကို အရေးမယူနိုင်တာဟာ တကယ့် မေးခွန်းထုတ်စရာပါ။ တခြားတနေရာမှာ လုပ်နိုင်မယ် ဆိုရင်တော့ အင်ဒိုနီးရှားဟာ အနီးစပ်ဆုံး နေရာတခု ဖြစ်ပါတယ်။ ကျမတို့ တကယ်ပဲ စိတ်လှုပ်ရှားမိသလို ဒီအမှုကနေ ရလဒ်တခုခု ထွက်လာဖို့ မျှော်လင့်ပါတယ်။ အနည်းဆုံးတော့ ရိုဟင်ဂျာတွေရဲ့ အသံကို အင်ဒိုနီးရှား လူထုနဲ့ တရားရုံးက ကြားသွားဖို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ တရားရုံးတွေဖြစ်တဲ့ ICJ နဲ့ ICC တို့မှာ လက်ရှိစုံစမ်းနေတဲ့ အမှုတွေဟာ စစ်အာဏာသိမ်းမတိုင်ခင်က ဖြစ်ရပ်တွေကိုသာ အဓိကထားနေသေးတဲ့အတွက် အခုလို ဒေသတွင်း တရားစွဲဆိုမှုတွေက ပိုပြီး လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေအပေါ် တိုက်ရိုက် သက်ရောက်နိုင်မယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။
အာဆီယံဒေသအတွင်းမှာ လူမျိုးတုံးသတ်ဖြတ်မှုလို ပြစ်မှုတွေကို အောင်မြင်အောင် တရားစွဲဆိုနိုင်တဲ့ နမူနာ မရှိသေးတာကြောင့် ဒီအမှုဟာ ဒေသတွင်း တာဝန်ခံမှုအတွက် အရေးပါတဲ့ စမ်းသပ်မှုတခုအဖြစ်လည်း ရှုမြင်ထားကြပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင်ရွေးကောက်ပွဲကနေ သမ္မတရာထူး ရယူလိုက်ရုံနဲ့ သူ ကျူးလွန်ထားတဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေအတွက် အရေးယူခံရမဲ့ အရေးကနေ ကင်းလွတ်ခွင့်ရမှာ မဟုတ်ဘူးလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI- Amnesty International) ကလည်း ထုတ်ပြန်ပြောဆိုထားပါတယ်။










