Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီးမြို့နယ်၌ စစ်တပ်က ဖမ်းဆီးသွားသည့် ဒေသခံ ၂၀ ကျော် ပြန်လွတ်
DVB
·
April 29, 2022

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ခလယ်ကျေးရွာအုပ်စုမှာ ဒေသခံတွေနဲ့ ခရီးသွားအရပ်သားပြည်သူ ၂၀ ကျော်ကို ဧပြီ ၂၉ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် နေ့လယ်  ၁ နာရီလောက်က ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တံခွန်တိုင်ရွာရဲစခန်းကနေ  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခလယ်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာရာ နယ်မြေခံ KNLA  တပ်ဖွဲ့ဝင်တွေနဲ့ ခလယ်ကျေးရွာ အထက်တန်းကျောင်းအနီး မိနစ် ၃၀ ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အရပ်သားပြည်သူ ၂၀ ကျော်ကို လူသားဒိုင်းအနေနဲ့ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

ခလယ်ကျေးရွာသားတစ်ဦးက”ကျနော်တို့ကို ခလယ်ရွာလေးအထိ ဖမ်းခေါ်သွားတာ။ အလုပ်သွားတုန်း လမ်းမှာအဖမ်းခံရတာ။ လမ်းမှာတွေ့တဲ့လူ အကုန်ဖမ်းပြီး ခေါ်သွားတယ်။ ခလယ်ရွာလေးရောက်တော့ အားလုံးကိုပြန်လွှတ်ပေးလိုက်တယ်။ သူတို့ခိုင်းတာတွေတော့ လုပ်ပေးခဲ့ရတယ်။ သူတို့ကို KNLA တပ်ဖွဲ့တွေက လာမတိုက်ရအောင် လူသားဒိုင်းလုပ်တဲ့ သဘော”လို့ ပြောပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း လမ်းသွားလာနေတဲ့ မြို့ဟောင်းကျေးရွာက အမျိုးသမီး တယောက် ခြေထောက်မှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ဧပြီ ၂၅ ရက် မနက် ၁၁ နာရီလောက်က ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုတွင်းက တောင်ညိုတောင်တန်း တောင်ခြေမှာ ရာဘာဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်နေသူတွေနဲ့ စစ်ဘေးရှောင်ရောက်ရှိနေတဲ့ ဒေသခံကျေးရွာသား ၃ဝ ကျော်လောက်ကို  စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဖမ်းဆီးခံ ရွာသားတွေဟာ စစ်ကြောင်းသွားရာနောက် လမ်းပြ၊ လူသားဒိုင်းအပြင် ကျောပိုးအိတ်၊ လက်နက်ကြီးကျဉ်ဆန်တွေကို ပေါ်တာအနေနဲ့ ထမ်းပိုးပြီး ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် လူခွဲပြီးပြန်လည်လွတ်ပေးခဲ့ပါတယ်။

ကေအန်ယူ၊ တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီရဲ့ပူးပေါင်းတပ်တွေက နယ်မြေကျော်ဝင်ရောက်လာတဲ့အတွက် KNLA ပူးပေါင်းတွေနဲ့ တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေသလို စစ်ကောင်စီက လက်နက်ကြီးအပြင်၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူတွေ သေဆုံး ဒဏ်ရာရှိသူတွေရှိပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်က ရွာသားတွေကို ဖမ်းဆီး လမ်းပြ၊ လူသားဒိုင်အဖြစ် အသုံးပြုတာတွေအပြင် ပစ်သတ်ခံရသူတွေရှိတဲ့အတွက် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သားပြည်သူ ၁၂၀၀၀ ကျော်ရှိတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေ ဆီကသိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024