DVB Logo
Home
မြန်မာသတင်း
ပေါက်နှင့် စေတုတ္တရာတွင် စစ်ကောင်စီတပ်များ မိုင်းဆွဲခံရ၊ သစ်ညီနောင်ရွာ မီးရှို့ခံရသဖြင့် နေအိမ် ၇၀ ခန့် ဆုံးရှုံး
DVB
·
April 28, 2022
ပေါက်နှင့် စေတုတ္တရာတွင် စစ်ကောင်စီတပ်များ မိုင်းဆွဲခံရ၊ သစ်ညီနောင်ရွာ မီးရှို့ခံရသဖြင့် နေအိမ် ၇၀ ခန့် ဆုံးရှုံး
Donate to DVB

မကွေးတိုင်းအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်တပ်ဘက်က ထိခိုက်ကျဆုံးများပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ သတ်ဖြတ်တာတွေ လုပ်နေတာကြောင့် ပြည်သူတွေ တောတောင်တွေထဲ ဖြစ်သလို နေထိုင်နေကြကာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ် သစ်ညီနောင်ရွာကို မနေ့ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီတပ်တွေဟာ သေနတ်တွေနဲ့ ဆက်တိုက်ပစ်ခတ် ဝင်ရောက်လာပြီးနောက် ဘုန်းကြီးကျောင်းမှာ ရွာသူရွာသားတွေ ဘယ်သွားတုန်းလို့ မေမြန်းခဲ့ကြောင်း သစ်ညီနောင် ရွာသားတယောက်က ပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်တွေဟာ ရွာရဲ့အနောက်ဘက် တမိုင်လောက်အကွာမှာရှိတဲ့ ဒညင်းခုံရွာမှာ ညအိပ်စခန်းချပြီး ဧပြီ ၂၈ ရက် မနက် ၈ နာရီကျော်လောက်မှာ သေနတ်တွေ ဆက်တိုက်ပစ်ခတ် ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

သစ်ညီနောင်ရွာသားက “ပြည်သူလူထုမှာ ထမင်းငတ်သူကလည်း ငတ်ကုန်ပြီ၊ သက်ကြီးရွယ်ကိုတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးသူငယ်တွေကို ကျောပိုးပြီး ထွက်ပြေးကြရကာ တောထဲ နေပူထဲတွေမှာ နေထိုင်ကြရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးသွားတာကြောင့် နေအိမ် ၇၀ လောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်းရပြီး ရွာသူရွာသားတွေ စုပေါင်း မီးငြှိမ်းသတ်ခဲ့ရပြီး လက်ရှိမှာ နေထိုင်စားသောက်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

သစ်ညီနောင်ကျေးရွာကို ဇန်နဝါရီ ၂၂ ရက်ကလည်း စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ဝင်ရောက်လာပြီး နေအိမ်အမိုးအကာတွေနဲ့ အိမ်တိုင်တွေကို ဓားနဲ့ခုတ် ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၃၆ လုံး ပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကိုလည်း ယူဆောင်ကာ လူငယ် ၂ ယောက်ကို ဖမ်းဆီးနှိပ်စက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ် ပုသိမ်-မုံရွာကားလမ်းမှာလည်း ဧပြီ ၂၇ ရက် မွန်းတည့် ၁၂ နာရီလောက်က YRF တပ်ဖွဲ့တွေ စခန်းချထားတဲ့ ရွာဘက်ကို မီးရှို့ဖို့လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး အင်အား ၅၀ လောက်ကို မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၅ ယောက်လောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ YRF ခေါင်းဆောင် ဗိုလ်နားပေါက်က ဒီဗွီဘီကို ပြောပါတယ်။

ဒီနောက် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ ထိခိုက်ကျဆုံးသူတွေကို သယ်ဆောင်ပြီး ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ ဆိုပါတယ်။

လူငယ်တော်လှန်ရေးတပ်ဦး (YRF) အနေနဲ့ ပုသိမ်-မုံရွာ လမ်းပိုင်းမှာ နယ်မြေစိုးမိုးမှု ရယူထားပြီး ဧပြီ ၂၆ ရက် ည ၁၂ နာရီကစလို့ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းအစပ်မှာ ဧပြီ ၇ ရက်ကစလို့ စစ်ကောင်စီတပ်တွေက ကျေးရွာ ၂၀ လောက်ကို ဆက်တိုက် ဝင်ရောက်မီးရှို့ပြီး အကြမ်းဖက်နေတာကြောင့် ဒေသခံပြည်သူ ၂၀,၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးပုန်းအောင်းနေရသလို အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

မကွေးတိုင်း စေတုတ္တရာမြို့နယ် မဏ္ဍပ်ကိုင်းရွာအနောက်ဘက် ငဖဲ-စေတုတ္တရာလမ်းမှာလည်း ဧပြီ ၂၇ ရက် မွန်းတည့် ၁၂ နာရီခွဲလောက်က စစ်ကောင်စီယာဉ်တန်း ကား ၅ စီးကို PRA (မကွေး) နဲ့ စေတုတ္တရာ PDF တို့ ပူးပေါင်းပြီး မိုင်း ၅ လုံးဆွဲ တိုက်ခိုက်ခဲ့တယ်လို့ PRA (မကွေး) ရဲ့ စစ်ရေးဆိုင်ရာတာဝန်ခံ ဗိုလ်ဟာဂျူလီက ဒီဗွီဘီကို ပြောပါတယ်။

ကပစစက်ရုံက လူကြီးခရီးစဉ်ရှိတယ် ဆိုတာကို ပြီးခဲ့တဲ့ ၃ ရက်လောက်ကတည်းက သတင်းကြိုရထားပြီး ကပစ ၁၄ နဲ့ ကပစ ၂၀ ဘက်ကို သွားမယ်ဆိုတာ သိရတာကြောင့် စစ်ကောင်စီယာဉ်တန်းတွေကို တိုက်ခိုက်ဖို့ ကြိုတင်ပြင်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကား ၂ စီး ထိခိုက်ပျက်စီးခဲ့သလို စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။

အပြင်းအထန် ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ကတော့ စေတုတ္တရာ မြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

မဏ္ဍပ်ကိုင်းရွာသားတယောက်က “မဏ္ဍပ်ကိုင်းရွာနားမှာ ဒီကနေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်ဗျ။ ကျနော်က တောထဲကို ဝါးခုတ်အောင်သွားတဲ့အချိန် ပေါက်ကွဲသံ ၅ ချက်လောက် ကြားလိုက်ရပြီး အပြန်အလှန် ပစ်ခတ်သံ နာရီဝက်လောက် ကြားလိုက်ရတယ်။ ကျနော်လည်း ဝါးဆက်မခုတ်ရဲဘူး၊ လုံခြုံမယ်ထင်တဲ့ ချောက်ကြားတခုမှာ ပုန်းအောင်းနေခဲ့ရတယ်” လို့ ပြောပါတယ်။

မကွေးတိုင်းအတွင်း စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် ဧပြီ ၁၃ ရက်အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့တာကြောင့် ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ၁,၈၀၀ ကျော်ရှိတယ်လို့ Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013