DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက ထောင်ဒဏ်ထပ်ချသည့်အပေါ် နိုင်ငံတကာရှုတ်ချ
DVB
·
April 28, 2022
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက ထောင်ဒဏ်ထပ်ချသည့်အပေါ် နိုင်ငံတကာရှုတ်ချ
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်ခဲ့တဲ့ပေါ် ဥရောပသမဂ္ဂ (အီးယူ) အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးတွေက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အသီးသီး ထုတ်ပြန်ထားပါတယ်။

အခုလို ထောင်ဒဏ်ထပ်ချတာဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ခေါင်းဆောင်တွေရဲ့ တရားဝင်မှုကို ပျက်ပြားစေဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုအသစ်တခု ဖြစ်ပြီး မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ လုံးဝကွဲလွဲနေကာ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံမူတွေကို မထီမဲ့မြင်ပြုမူတဲ့ နောက်ထပ်လက္ခဏာတရပ် ဖြစ်တယ်လို့ ပြင်သစ်နိုင်ငံသံရုံးက ထုတ်ပြန်ပါတယ်။

မြန်မာပြည် အကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဒီမိုကရေစီ အတိုက်အခံ အင်အားစုတွေနဲ့ နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်ခြင်းနဲ့သာ ဖြတ်သန်းနိုင်မယ်လို့ ပြင်သစ်နိုင်ငံက ပြန်လည်ထောက်ပြလိုကြောင်း၊ နိုင်ထက်စီးနင်း ဖမ်းဆီးခံထားရတဲ့ အကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့လည်း ပြင်သစ်သံရုံးက တောင်းဆိုထားပါတယ်။

အလားတူ ဥရောပသမဂ္ဂ (အီးယူ) ကတော့ ခုလို အမိန့်ချမှတ်လိုက်တာဟာ တရားဥပဒေစိုးမိုးရေးကို ဖြိုခွင်းမှုရဲ့ နောက်ထပ်ခြေတလှမ်းဖြစ်ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ဒီမိုကရေစီအတွက် ကြီးမားသော ဆုတ်ယုတ်မှု နောက်တလှမ်းကို ကိုယ်စားပြုနေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ခုလိုလုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေဟာ အာဆီယံရဲ့ အချက် ၅ ချက် သဘောတူညီမှုနဲ့ တောင်းဆိုထားတဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကနေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်တွေကို ဖယ်ထုတ်ပစ်လိုက်ဖို့ ပြတ်ပြတ်သားသား ကြိုးပမ်းမှု ဖြစ်တယ်လို့ ပြောလိုက်ပြီး မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း ထပ်လောင်း တောင်းဆိုထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက အမေရိကန်ဒေါ်လာ ၆ သိန်း၊ ရွှေ ၇ ပိသာ လက်ခံရယူခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ ဧပြီ ၂၇ ရက်က ထောင်ဒဏ် ၅ နှစ် ထပ်ချခံရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်း စစ်ကောင်စီက တရားစွဲဆိုထားခဲ့တဲ့ အမှုတွေထဲက အမှု ၆ မှုအတွက် ချမှတ်ပြီးစီးခဲ့တဲ့ ထောင်ဒဏ်စုစုပေါင်းက ၁၁ နှစ်အထိ ရှိလာပြီ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှု၊ အဂတိလိုက်စားမှုနဲ့ ရွေးကောက်ပွဲဆိုင်ရာ အမှုတွေ အပါအဝင် ရာဇဝတ်မှုများစွာနဲ့ စွဲချက်တင်ခဲ့ပြီး အမှုအားလုံးမှာ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခံရပါက ထောင်ဒဏ်အနှစ် ၁၅၀ ကျော် ချမှတ်ခံရနိုင်တယ်လို့ ဥပဒေပညာရှင်တွေက သုံးသပ်ပါတယ်။

စစ်ကောင်စီဟာ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ဘာတခုမှ ပြသနိုင်ခြင်းမရှိဘဲ အမှုတွေကို ဥပဒေနဲ့မညီ တရားစီရင်နေတာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ကိုစွပ်စွဲထားတဲ့ အမှုတွေနဲ့ပတ်သက်လို့ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၈၀၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၄၀၀ ကျော်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013