
ရန်ကုန်၊ လှိုင်သာယာ အဝေးပြေးကားဂိတ်မှာ ဧရာဝတီတိုင်းက လူငယ် ၂ ယောက် အဓမ္မပေါ်တာဆွဲ ဖမ်းခေါ်ခံခဲ့ရတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
ဇူလိုင် ၁၈ ရက် မနက်စောပိုင်းက ရန်ကုန် လှိုင်သာယာမြို့နယ်ကနေ ဧရာဝတီတိုင်းကို ပြန်လာဖို့ လှိုင်သာယာ အဝေးပြေးကားဂိတ်မှာ ကားစီးဖို့ စောင့်နေတဲ့ အရပ်သားလူငယ် ၂ ယောက်ကို စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တွေက ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။
အဖမ်းခံရတဲ့သူနဲ့ မိသားစုတော်စပ်သူက “ကောင်လေး ၂ ယောက်နဲ့အတူ အဒေါ်ပါ ကားဂိတ်မှာ ရှိနေတာ။ အဒေါ်ဖြစ်သူရဲ့ အရှေ့မှာပဲ ဖမ်းခေါ်သွားတာ။ ကားတစီးနဲ့ ဖမ်းခေါ်သွားတာ။ ဘယ်ခေါ် သွားလဲ မသိဘူး။ ကားဂိတ်ထဲက သိတဲ့သူတွေကလည်း ပေါ်တာဆွဲခံရတာလို့ ပြောတယ်” လို့ ပြောပါတယ်။
ပေါ်တာဆွဲခံရတဲ့ လူငယ် ၂ ယောက်ဟာ လှိုင်သာယာမြို့နယ်က အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်နေတာဖြစ်ပြီး ကျန်းမာရေးမကောင်းတာကြောင့် အလုပ်ကနားကာ ဆေးဝါးကုသဖို့ အတွက် မိသားစုရှိတဲ့ ဧရာဝတီတိုင်းကို ပြန်လာတာလို့ သိရပါတယ်။
အဓမ္မပေါ်တာဆွဲ အဖမ်းခံရတဲ့ အရပ်သား လူငယ် ၂ ယောက်ဟာ ရေကြည်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ် ကိုမျိုးဇော်နဲ့ နောက်ထပ် အသက် ၂၄ နှစ်အရွယ် ကိုသက်ပိုင်စိုးတို့ဖြစ်ပြီး မိသားစုနဲ့ ဇူလိုင် ၂၀ ရက်အထိ အဆက်အသွယ်မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။











