
၂၀၂၆ ခုနှစ်ရဲ့ ပထမ ၅ လအတွင်းမှာတင် တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့တွေထဲက ၅ မြို့အထိ ပြန်လည်လက်လွှတ်လိုက်ရတယ်လို့ DVB က ကောက်ယူရရှိထားတဲ့ အချက်အလက်တွေ အရ သိရပါတယ်။
အဲဒီမြို့တွေကတော့ စစ်ကိုင်းတိုင်းက ဗန်းမောက်၊ အင်းတော်၊ မော်လူးမြို့နဲ့ ကရင်နီပြည်နယ်က ဖားဆောင်းမြို့တို့ဖြစ်ပြီး ချင်းပြည်နယ်က ဖလမ်းမြို့ကိုတော့ မေ ၅ ရက်မှာ ထပ်မံ လက်လွှတ် လိုက်ရတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်လိုက်တဲ့ မြို့တွေမှာတော့ စစ်မှုထမ်းဖို့ လူသစ်စု ဆောင်းတာ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်စပ်သူတွေကို ဖမ်းဆီးနှိပ်စက်တာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပုံစံမျိုးစုံနဲ့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နွေဦးတော်လှန်ရေး အစောပိုင်းကာလတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လူနဲ့ လက်နက် အင်အား အသာစီးရခဲ့ပေမဲ့ လက်ရှိ စစ်ရေးအခြေအနေအရ စစ်တပ်ဘက်က အသာစီးရမှုတချို့ ပြန်ရှိလာတယ်လို့ စစ်ရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။
ဒါကြောင့် မြို့တွေကို ရေရှည်ထိန်းချုပ်နိုင်ဖို့ ခံစစ်ဗျူဟာကို သေချာစဉ်းစားသင့်တယ်လို့ နိုင်ငံရေး လေ့လာသူကတယောက်က သုံးသပ် ပြောပြပါတယ်။
“နယ်မြေဒေသကို ရွေးချယ်တဲ့အခါမှာ နယ်စပ်ဒေသကို ပေါက်ရောက်နိုင်စွမ်းရှိမရှိ၊ တဖက်နယ်စပ် ကရော လက်နက်၊ ရိက္ခာ ဝယ်ယူနိုင်ခြင်းရှိမရှိ အဲဒါတွေကို ထည့်သွင်းစဉ်းစားပြီး အခိုင်အမာ ခြေကုပ်နယ်မြေတခုကို တည်ထောင်မှရမယ်လို့ မြင်တယ်ပေါ့နော်။ ဒီတိုင်း မြို့တခုကို သိမ်းထားပြီး လက်မလွှတ်ချင်လို့ဆိုပြီး အတင်းအကျပ် ခုခံတဲ့အခါကျတော့ မကုန်သင့်တဲ့ လက်နက်လူသူ ကုန်ရတယ်ပေါ့နော်။ လက်နက်က ရှားလာတယ်၊ ကျည်လည်း ရှားလာတဲ့အခါမှာ ခံစစ်က တကယ်ရော ထိုက်တန်ရဲ့လား ဆိုတာ ပြန်ပြီးတော့ စဉ်းစားဖို့ လိုတာပေါ့လေ။”
တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့မြို့တွေကို ရေရှည်ထိန်းထားနိုင်ဖို့အတွက် ငွေကြေးဟာ အဓိကလိုအပ်ချက် ဖြစ်နေပါတယ်။ လက်ရှိမှာ ပြည်သူတွေဟာ အဘက်ဘက်က ကျပ်တည်း လာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့နိုင်မှု နည်းပါးလာပြီး ငွေကြေး လိုအပ်ချက် တွေ ရှိလာနေတာပါ။
ဒါ့အပြင် အဖွဲ့အစည်းတွေ ပြန့်ကျဲနေတာကလည်း ရိက္ခာနဲ့ လက်နက်အထောက်အပံ့ ရရှိဖို့ ခက်ခဲ စေနိုင်တာကြောင့် စုပေါင်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေက တော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်လာနိုင်မလဲဆိုတဲ့အပေါ် စစ်ကိုင်း ဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့ဝင် ကိုစိုးဝင်းဆွေကတော့ စစ်တပ်က မြို့တချို့ကို ပြန်လည် ရရှိသွားပေမဲ့ ဒါဟာ တော်လှန်ရေးတရပ်လုံးအပေါ် ထိခိုက်မှုမရှိနိုင်ဘဲ စစ်ရေးနည်းနာပြောင်းပြီး တိုက်ခိုက် သွားကြမှာဖြစ်တယ်လို့ သုံးသပ် ပြောပါတယ်။
ကိုစိုးဝင်းဆွေက “အခြေအနေပေးတယ်၊ ရန်သူက ပျော့တယ်ဆိုတဲ့ အခါမျိုးမှာတော့ နယ်မြေ သိမ်းတဲ့တိုက်ပွဲတွေ commosional war ဘက်ကို ဦးတည်လာတာတွေလည်း ရှိတယ်။ ဒါပေမဲ့ အခြေအနေမပေးဘူး ဆိုရင်လည်း ပြောက်ကျားစစ်နဲ့ ပြန်ပြီး တိုက်ပွဲဝင်ကြမယ်ပေါ့လေ၊ ဒီလိုမျိုးပဲ ရှိမယ် ထင်ပါတယ်။ ရန်သူက မြို့တွေပြန်ရသွားလို့ တော်လှန်ရေးအင်အားစုတွေက နည်းနာပြောင်းပြီး တိုက်ပွဲဝင်ကြမှာပေါ့ဗျာ။ ဒီလိုအခြေအနေပဲ သက်ရောက်မှုရှိမယ်ပေါ့နော်။ တော်လှန်ရေး တစုံလုံးအပေါ် ထိခိုက်လာတာမျိုးတော့ မဖြစ်နိုင်ပါဘူး”လို့ ပြောပါတယ်။
တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဟာ ပြည်သူလူထုရဲ့ ထောက်ပံ့မှု ဖြစ်တာကြောင့် လူထုထောက်ခံမှုကို ဆက်လက်ထိန်းထားဖို့နဲ့ ဒေသဆိုင်ရာ အစိုးရတွေအနေနဲ့ ဘဏ္ဍာငွေရှာဖွေမှုနဲ့ နည်းပညာ အဆင့်မြှင့်တင်မှုတွေကို အလျှင်အမြန် ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ နိုင်ငံရေး ကျွမ်းကျင်သူ တွေက ထောက်ပြထားပါတယ်။
သီရိ










