DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက် စစ်ကောင်စီတပ်သား ၄ ဦးကို ဂျပန်က စစ်ပညာသင်ပေးနေသည့်အပေါ် ကန့်ကွက်ရှုတ်ချ
DVB
·
April 28, 2022
အကြမ်းဖက် စစ်ကောင်စီတပ်သား ၄ ဦးကို ဂျပန်က စစ်ပညာသင်ပေးနေသည့်အပေါ် ကန့်ကွက်ရှုတ်ချ
Donate to DVB

ပြည်သူတွေအပေါ် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်မှ  ဗိုလ်သင်တန်းသား ၄ ယောက်ကို  ဂျပန်နိုင်ငံက  ခေါ်ယူသင်ကြားပေးမယ့်အပေါ် ဂျပန်နိုင်ငံရောက် မြန်မာတွေက ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

စစ်ကောင်စီက စေလွှတ်မယ့် ဗိုလ်သင်တန်းသား ၄ ယောက်ကို  ဂျပန်ကာကွယ်ရေးတပ်မှာ  စစ်ပညာ လက်ခံသင်ကြာပေးမယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး မစ္စတာနိုဘုအိုခိရှိက အောက်လွှတ်တော် လုံခြုံရေးကော်မတီမှာ ဧပြီလ ၂၆ ရက်က ထုတ်ဖော် ပြောကြားခဲ့တာပါ။  

မြန်မာပြည်သူတွေကို နေ့တိုင်းသတ်ဖြတ်နေတဲ့ စစ်‌ကောင်စီတပ်က  စစ်ဗိုလ် ၄ ယောက်ကို ဂျပန်စစ်တပ်က ခေါ်ယူပြီး စစ်ပညာသင်ပေးမယ့်လုပ်ရပ်က သမိုင်းကြောင်းမှာ မြန်မာပြည်သူတွေ ဂျပန်အစိုးရအပေါ် လက်ညှိုးထိုး ကဲ့ရဲ့ရှုတ်ချ အပြစ်တင် ပြောစမှတ် ဖြစ်လာမယ့် သမိုင်းတရားခံဖြစ်မှာမို့ ဒီအစီအစဉ်ပို ရပ်သင့်ကြောင်း ဂျပန်နိုင်ငံရောက် မြန်မာတွေက လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားကြပါတယ်။

ဒါဟာ မြန်မာနိုင်ငံတဝန်း အရပ်သားတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်နေမှုကို ဂျပန်အစိုးရက ထောက်ပံ့ပေးတာဖြစ်ပြီး ဂျပန်အစိုးရကိုယ်တိုင်က မြန်မာပြည်သူတွေကို သတ်ဖြတ်နေသလို ခံစားမိကြောင်းလည်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ထောက်ပြဝေဖန်နေကြပါတယ်။

ဒီလုပ်ရပ်ဟာ ဂျပန်ပြည်သူတွေရဲ့ အခွန်ငွေတွေနဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ် အားပေးနေ သလိုဖြစ်တဲ့အတွက်  ဂျပန်ပြည်သူတွေ၊ ဂျပန်အန်ဂျီအိုအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဂျပန်အစိုးရနဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကို ဆန့်ကျင် ဆန္ဒပြသွားမယ်လို့ မြန်မာ့အရေးလှုပ်ရှားသူ ဦးမြင့်ဆွေက ဒီဗွီဘီကိုပြောပါတယ်။

နာဂိုယာမြို့နေ နိုင်ငံ‌ရေး တက်ကြွလှုပ်ရှားသူ‌ မြန်မာနိုင်ငံသားပါရဂူကျောင်းသားတစ်ဦးက “ ဂျပန်အစိုးရက တောင်ပေါ်မြေပြန့်နိုင်ငံတဝန်းမှာ   ဒီမိုကရေစီအတွက် တိုက်ပွဲဝင်‌နေကြတဲ့ တိုင်းရင်းသားပြည်သူတွေထက် အကြမ်းဖက်စစ်‌ကောင်စီနဲ့ ဆက်ဆံရေးကပိုပြီး အရေးကြီးတယ်ဆိုတာ အတိအလင်း ဖော်ပြလိုက်တာလို့ယူဆမိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဂျပန်နိုင်ငံရဲ့ အာဏာရပါတီထဲမှာလည်း စစ်တပ်အာဏာရတာကို သဘောကျတဲ့သူတချို့ရှိ‌နေပြီး အထက်လွှ‌တ်တော်နဲ့ အောက်လွှတ်တော်က မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်နေပေမဲ့  ဒါတွေဟာ အပေါ်ယံဟန်ပြသာဖြစ်နေပါတယ်လို့လည်း ဆိုကြပါတယ်။ 

စစ်တပ်အာဏာသိမ်းမှုကို ကြိုက်နှစ်သက်တဲ့အထဲမှာ လွှတ်တော်အမတ်ဟောင်း  ဂျပန်-မြန်မာ အသင်းတည်ထောင်သူ ဥက္ကဋ္ဌ ဟိုင်ဒီယို ဝါတာနာဘေးထိပ်ဆုံးကပါဝင်ပြီး၊ သူဟာ  လက်ရှိ အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်‌တွေနဲ့လည်း ရင်းနှီးတဲ့သူလည်းဖြစ်ပြီး  မြန်မာနိုင်ငံကိုလည်း အကြိမ်ကြိမ်သွားရောက် စစ်ခေါင်းဆောင်အသိုက်အဝန်းနဲ့တွေ့ဆုံခဲ့ပါတယ်။  

ဝါတာနာဘေးဟာ ဂျပန်မှာလည်း အသက် ၈၀ ကျော်ပြီဖြစ်တဲ့ ဝါရင့် နိုင်ငံရေးသမားဖြစ်တဲ့အတွက်ပါတီ‌မှာလည်း အရှိန်အဝါအာဏာရှိဆဲဖြစ်ပြီး မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံတဲ့ ဂျပန်ကုမ္ပဏီတွေကိုလည်း လက်ဝါးကြီးအုပ်ထားကာ မြန်မာနိုင်ငံမှာ စစ်တပ်ခေါင်းဆောင်တာက ဒီမိုကရေစီလမ်း‌ကြောင်းထက် ပိုကောင်းတဲ့ ဂျပန်မီဒီယာတခုကနေ ဝါဒဖြန့်တာ‌တွေလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ဥပဒေနဲ့အညီလုပ်ဆောင်ခဲ့တာကြောင့် အခွင့်အရေးမရခဲ့လို့  အခုအချိန်မှာတော့ စစ်ကောင်စီကပေးတဲ့  အခွင့်အရေးကို အကုန်ယူချင်နေတာမျိုးဖြစ်ပြီး အခုလို စစ်ကောင်စီတပ်ကို စစ်ပညာသင်ဖို့ ခေါ်ယူတာကလည်း ဝါတာနာဘေးရဲ့ လုပ်ဆောင်ချက် ဖြစ်နိုင်တယ်လို့ ဂျပန်ရောက် မြန်မာပညာသင်တဦးက သုံးသပ်ပါတယ်။

International University of Japan (IUJ)  နိုင်ငံတကာဆက်ဆံရေး‌ဌာနက  မြန်မာလူမျိုး ဌာနမှူး ပါမောက္ခတယောက်၊ ဝါတာနာဘေးနဲ့  စစ်ကောင်စီတို့ သုံးပွင့်ဆိုင် ပူးပေါင်းပြီး၊ Non CDM တွေ၊ စစ်သားတွေနဲ့ ရဲတွေကို  ဂျပန်နိုင်ငံသို့ခေါ်ယူပညာသင်ဆုပေးနေတယ်လို့လည်း ဒီဗွီဘီက စုံစမ်းသိရပါတယ်။

ဂျပန်လွှတ်တော်အတွင်းမှာ  မြန်မာ့ဒီမိုကရေစီအရေး တက်ကြွစွာဆောင်ရွက်နေတဲ့  ဂျပန်အတိုက်အခံပါတီခေါင်းဆောင် နာကာဂါဝါနဲ့  တခြားအာဏာရ LDP ပါတီက လွှတ်တော်အမတ်အနည်းစုကလွဲပြီး မြန်မာပြည်မှာ ဒီမိုကရေစီပြန်လည်တည့်မတ်ဖို့ ကြိုးပမ်းလုပ်ဆောင်နေသူမျိုး၊ NUG အစိုးရအပေါ် ကူညီဆောင်ရွက်ပေးသူမျိုး မရှိသလောက် နည်းပါးတယ်လို့ ဂျပန်နိုင်ငံရေး စောင့်ကြည့်လှုပ်ရှားသူတွေက ပြောပါတယ်။ 

ဂျပန်အစိုးရဟာ စစ်ကောင်စီတပ်က ဗိုလ်သင်တန်းသား အယောက် ၃၀ လောက်ကို ဂျပန်အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှာ လက်ခံပညာသင်ကြားပေးပြီးဖြစ်ပါတယ်။

ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013