DVB Logo
Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီး စစ်ရှောင်ပြည်သူ ၃၀၀၀ ခန့်ကို KNU က ဆန်အိတ်များ ထောက်ပံ့
DVB
·
April 28, 2022
ကြာအင်းဆိပ်ကြီး စစ်ရှောင်ပြည်သူ ၃၀၀၀ ခန့်ကို KNU က ဆန်အိတ်များ ထောက်ပံ့
1 / 3
Donate to DVB

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုတွင်းက စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ နီးပါးကို ကေအန်ယူ (ဝင်းရေးမြို့နယ်) တာဝန်ရှိသူတွေက ဆန်အိတ် ၂၀၀ နီးပါး သွားရောက်ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။

ဧပြီ ၂၃ ရက်က စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA) တပ်ဖွဲတို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်က ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာ ၁၀ ရွာနီးပါးက ဒေသခံပြည်သူတွေကို ထောက်ပံ့ပေးအပ်ခဲ့တာပါ။

ခလယ်တံခွန်တိုင်ကျေးရွာက စစ်ဘေးရှောင်ပြည်သူတဦးက “အခုလို အခက်အခဲနေချိန် ကျနော်တို့ရဲ့ မိခင်ကရင်အမျိုးအသားအစည်းအရုံးက ကျနော်တို့ ဘယ်လောက်ခက်ခဲနေတယ် ဆိုတာ သိတယ်။ အခုလို ထောက်ပံ့တဲ့အတွက် ကျနော်တို့ ရွာသားတွေ ပြောမတတ်အောင် ဝမ်းသာတယ်။ စစ်တပ်ရဲ့ ယုတ်မာရက်စက်မှုကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေ လတ်တလော စားသောက်ရေး အဆင်ပြေစေဖို့အတွက် ဆန်အိတ် ၂၀၀ နီးပါးကို ပထမအကြိမ် ထောက်ပံ့ပေးတာဖြစ်ပြီး ဆက်လက်ပြီး တတ်နိုင်တဲ့ဘက်က မိဘပြည်သူတွေအတွက် ကူညီမှုတွေ လုပ်ဆောာင်ပေးသွားဖို့ရှိတယ်လို့ KNU တာဝန်ရှိသူတဦးက ပြောပါတယ်။

ဧပြီ ၂၅ ရက် မနက် ၁၁ နာရီလောက်က ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာ အုပ်စုတွင်းက တောင်ညိုတောင်တန်း တောင်ခြေမှာ ရာဘာဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်နေသူတွေနဲ့ စစ်ရှောင်ရောက်ရှိနေတဲ့ ဒေသခံကျေးရွာသား ၃ဝ ကျော်လောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းပြ၊ လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

အဆိုပါ ပြန်လွတ်မြောက်လာသူတွေထဲက ကျန်းမာရေးမကောင်းမွန်တဲ့ တံခွန်တိုင်ကျေးရွာသား ဒေသခံပြည်သူ ၁ ဦးကို ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့အပြင် အိပ်ယာလိပ်နဲ့ ဆေးဝါးသွားရောက် ပို့ဆောင်ခဲ့တဲ့ သားဖြစ်သူ ၂ ဦးစလုံးကို ထပ်မံဖမ်းဆီးထားလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ KNLA KNDO ပူပေါင်းတပ်တို့ နှစ်ဘက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၁ သိန်းကျော်ဟာ နီးစပ်ရာဆွေမျိုးတွေရှိရာ ကျေးရွာတွေနဲ့ တောတောင်၊ လျှိုမြောင်းတွေအပြင် မြန်မာ-ထိုင်း နယ်စပ်တလျှောက်မှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013