
၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ ဇန်နဝါရီ ၇ ရက်နေ့မှာ မင်းအောင်လှိုင် လက်သီးလက်မောင်းတန်းခဲ့တယ်။ အဲဒီနေ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် မင်းအောင်လှိုင်က အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတို့ ခံတွင်းလိုက်မလားဆိုပြီး မွမွလေး ထောင်းထားတဲ့ ဂျင်းနဲ့ တည်ခင်းကြည့်ခြင်း ဖြစ်တယ်။
ငြိမ်းချမ်းရေးနှစ်လို့ ကြွေးကြော်တဲ့ အဲဒီနေ့မှာပဲ မင်းအောင်လှိုင် စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်က လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့လို့ ပြည်သူတစ်ဦး သေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်။
မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆိုတာကို အဲဒီလို သူ နားလည်သလို ဖွင့်ဆိုပြခဲ့ပုံရတယ်။ မင်းအောင်လှိုင်ဟာ ငြိမ်းချမ်းရေးတံခါးကြီးကို သွေးသံတရဲရဲတွေနဲ့ ဖွင့်လိုက်ပြီးနောက် ဆက်တိုက်ဆိုသလို ပြည်သူ့အလောင်းတွေ ရက်ဆက်ပုံ၊ အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ပြည်သူတွေကလည်း တရိပ်ရိပ် ဒီ တက်နေတာ ဒီနေ့ထိတိုင်ပါပဲ။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ မင်းအောင်လှိုင်တပ်တွေ ဝင်ရောက်စီးနင်းလို့ ငြိမ်းချမ်းရေးမြို့တော်လို့ ခေါ်တဲ့ မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ်က ဒေသခံတွေဟာ ဒီနေ့ထိတိုင် စစ်ဘေးရှောင်ဘဝနဲ့ သောင်ရင်းမြစ်ကမ်းဘေးတလျှောက် ခေါင်းအုံးလို့ ငြိမ်းချမ်းရေးမြို့ဆီ ဘယ်တော့ပြန်ရောက်မလဲ မရေရာ။
ငြိမ်းချမ်းရေးနှစ်လို့ မင်းအောင်လှိုင် အော်ဟစ်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ မင်းအောင်လှိုင်တပ်တွေ မီးရှို့ ဖျက်ဆီးလို့ ပြာကျခဲ့ရတဲ့ ပြည်သူတွေရဲ့ နေအိမ် ၁၀၅၉ လုံး၊ ၂၀၂၂ ဖေဖော်ဝါရီကို ရောက်တော့ ၂၈၈၂ လုံး၊ မတ်လမှာ ၁၈၅၃ လုံးနဲ့ အခု ဧပြီ ၁၄ ရက်နေ့ထိ ၁၂၀၇ လုံးရှိတယ်လို့ Data for Myanmar ရဲ့စစ်တမ်းက ဆိုတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နွေဦးတော်လှန်ရေး ကျဆုံးစာရင်းနဲ့ ဖမ်းဆီးခံစာရင်းကို ကြည့်ပြန်တော့လည်း မင်းအောင်လှိုင် ပြောတဲ့ ငြိမ်းချမ်းရေးနှစ်လို့ ဆိုတဲ့ ၂၀၂၂ ခုနှစ်မှာ နေ့စဉ်အတက်ပြလို့။
ဒါပေမဲ့ မတ်လ ၂၇ ရက်နေ့မှာတော့ နေပြည်တော်ရောက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တချို့နဲ့ ငြိမ်းချမ်းရေးဆိုလား တစ်ခါ ကြားခဲ့တယ်။ ကဲ၊ ဘယ်လိုငြိမ်းချမ်းကြမလဲလို့ ဆွေးနွေးချင်တဲ့သဘော။ အားလုံးမျက်မြင် ဘယ်လိုမှ အလုပ်မဖြစ်တော့ ငြိမ်းချမ်းရေးဆိုတဲ့အသံ ပြန်တိမ်ဝင်သွားပြန်တယ်။
အခု လေသံတင်းတင်းနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ စကားကို သွေးညှီနံ့ နံနေတဲ့ မင်းအောင်လှိုင် ပါးစပ်ပေါက်ကနေ ထပ်ထွက်လာပြန်တယ်။ ဧပြီ ၂၂ ရက်နေ့၊ မြဝတီရုပ်သံကနေ ပြောကြားခဲ့တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ သူကိုယ်တိုင် တွေ့ဆုံမယ်ဆိုပြီး လက်သီးလက်မောင်း တန်းလာပြန်တယ်။
မင်းအောင်လှိုင် မြဝတီရုပ်သံကနေ ငြိမ်းချမ်းရေး လက်သီးလက်မောင်းတန်းပြီး တစ်ရက်အလွန် ဧပြီ ၂၄ ရက်နေ့ရောက်တော့ မင်းအောင်လှိုင်တပ်တွေက စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ထဲက ရွာ ၈ ရွာကို မီးရှို့ပြီး မီးရှို့တာကို တားတဲ့ သပြေကုန်းရွာဆရာတော်နဲ့ အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့ပါတယ်။ အဲဒီရွာ ၈ ရွာအနက် ၄ ရွာကတော့ တစ်ရွာလုံးနီးပါး ပြာကျခဲ့ပါတယ်။
အဲဒီနေ့မှာပဲ ဝက်လက်မြို့နယ်ထဲက ငါးပတ်ချောင်း၊ ကူကြီးနဲ့ သစ်ဆိမ့်ရွာတွေထဲ မင်းအောင်လှိုင် တပ်ဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ညနေပိုင်းမှာ သစ်ဆိမ့်နဲ့ ရွာသစ်ရွာကို မီးရှို့ခဲ့ပါသေးတယ်။
အဲဒီတွေက လတ်တလော အွန်လိုင်းကောက်လှန်စဉ် မြင်လိုက်ရတဲ့သတင်းတွေ ဖြစ်ပြီး နောက်ထပ် မီးရှို့ သတ်ဖြတ်သတင်းတွေလည်း အထပ်လိုက်ကျန်ပါသေးတယ်။ ဆိုတော့ မင်းအောင်လှိုင် ပြောတဲ့ ငြိမ်းချမ်းရေးဆိုတာ ပြည်သူတွေမပါတဲ့ ဘယ်လိုငြိမ်းချမ်းရေးလဲလို့ မေးခွန်းထုတ်ရပါတော့မယ်။
ပြည်သူတွေကို အဲဒီလို ယုတ်မာရက်စက်နေလျက်နဲ့ ဘာကြောင့် ငြိမ်းချမ်းရေးဆိုတာကို မင်းအောင်လှိုင် ထပ်ရွတ်ဆိုရပြန်တာလဲ။ တခွန်းတည်း ချုပ်ဖြေရမယ်ဆိုရင် လက်ရှိ ရင်ဆိုင်နေရပြီး အဓိကအကျဆုံးပြဿနာဖြစ်တဲ့ နိုင်ငံရေးပြဿနာကြီးတစ်ခုလုံးကို ငြိမ်းချမ်းရေး ဆိုတာနဲ့ ဆွဲအုပ်လိုက်ချင်တာကြောင့် ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ မင်းအောင်လှိုင် အာဏာသိမ်းလိုက်ခြင်းဟာ မြန်မာတနိုင်ငံလုံးကို နေ့စဉ်ငလျင်လှုပ် နေသလို ဗြောင်းဆန်နေရုံတင်မက အဲဒီစစ်ငလျင်ဟာ မြန်မာနိုင်ငံပြင်ပကို ကျော်လွန်ကာ ဒေသတွင်းကိုပါ ရိုက်ခတ်နေတဲ့ ပြဿနာကြီးတရပ်အဖြစ် နိုင်ငံတကာကိုပါ ရိုက်ခတ်လို့နေပါတယ်။
ပိုလို့ဆိုးတာက ဖြောင့်ဖြာင့်မှန်မှန် ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲကို မဲလိမ် မဲခိုးပါတယ်ဆိုပြီး အာဏာသိမ်းရုံတင်မက ပြည်သူရွေးချယ်ခံအစိုးရကိုပါ ထောင်သွင်း အကျဉ်းချ ဗြောင်ကျခြင်းပါပဲ။ ထပ်ပြီးဆိုးပြန်တာက ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်နေ့၊ မြန်မာ့အရေး အာဆီယံမူ ၅ ရပ် ထွက်ပေါ်လာချိန်မှာ အဲဒီမူ ၅ ရပ်ကို လိုက်နာမလိုလို ခေါင်းညိတ်ခဲ့ပြီးမှ မူ ၅ ရပ်ကို လက်မခံရုံတင်မက ဒီနေ့ထိတိုင် အကြမ်းဖက်မှုမျိုးစုံကို မင်းအောင်လှိုင်နဲ့ အပေါင်းအပါတသိုက်က မြိန်ရေရှက်ရေ ကျင့်သုံးနေကြခြင်းပါပဲ။
အာဆီယံမူ ၅ ရပ်ထဲက ပဓာနကျတဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ မြန်မာ့နိုင်ငံရေးထဲက အရေးပါတဲ့သူတွေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ ဆိုတာကို မင်းအောင်လှိုင်က ပြတ်ပြတ်သားသား ပယ်ချပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေး အဖြေရှာရေးနေရာမှာ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးဆိုတာနဲ့ အစားထိုးဖို့ ကြိုးစားပါတယ်။
ပြောရရင် အာဆီယံမူ ၅ ရပ်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာနဲ့ မလိမ့်တပတ်လုပ်ဖို့ ကြိုးစားခြင်းပါပဲ။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ PDF တို့ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေ ဖြစ်လို့ မပတ်သက်နိုင်၊ မျက်နှာချင်းမဆိုင်နိုင်ပေမဲ့ ကျွန်ုပ်တို့ စစ်ကောင်စီဟာ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် အခုလို ဆွေးနွေးအဖြေရှာနေပါတယ်ဆိုပြီး လုပ်ပြချင်တာဟာ မင်းအောင်လှိုင် ပြောနေတဲ့ ငြိမ်းချမ်းရေးပါပဲ။
ပြီးတော့ အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာကနေတဆင့် စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ဖော်ဆောင်ရေးဆိုတာ အတွဲလိုက်ပါလာမှာဖြစ်ပြီး နည်းနည်းလေး အလျှော့အတင်းလေးအနေနဲ့ အာဆီယံမူ ၅ ရပ်နဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ဆက်စပ်ဖော်ဆောင်ရေး ဆိုတာမျိုးနဲ့ သူ့အနာဂတ်သူ အိပ်မက်မက်ဖို့ ကြိုးစားချင်ပုံပါပဲ။
မင်းအောင်လှိုင် ပြောတဲ့ ငြိမ်းချမ်းရေးကနေ မင်းအောင်လှိုင် ထပ်လိုချင်တဲ့ နောက်တစ်ချက်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေကို ခွဲထုတ်လိုခြင်း ဖြစ်ပါတယ်။ သူ အိပ်မက်မက်သလိုသာ ခွဲထုတ်နိုင်ခဲ့ရင် အနိမ့်ဆုံးအဆင့် အခု မင်းအောင်လှိုင်တပ်တွေ စစ်မျက်နှာတိုင်းမှာ ပျာယာခတ်နေရတဲ့ဘဝကနေ ကျွတ်လွတ်သွားနိုင်ပြီး ရေရှည်မှာ စစ်ရေး အသာစီးရဖို့ အပြင်းအထန်ထိုးစစ်ဆင်နိုင်ခြေ ရှိလာပါမယ်။
နောက်ထပ် မင်းအောင်လှိုင်အတွက် အခမ်းနားဆုံး အမြတ်အစွန်းကတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ လက်ခံလိုက်တာဟာ အာဏာသိမ်းစစ်အုပ်စုကို အစိုးရတရပ်အနေနဲ့ အသိအမှတ်ပြုပေးရာ ရောက်ခြင်းပါပဲ။ ဒါကို မင်းအောင်လှိုင်နဲ့ ဆွေးနွေးပါမယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက မဟုတ်ပါဘူးလို့ ဘယ်လိုပဲ ငြင်းငြင်း၊ မင်းအောင်လှိုင် ပြောနေတာက အာဏာသိမ်းတာ မဟုတ်ပါဘူးဆိုတဲ့စကား ဖြစ်ပြီး မင်းအောင်လှိုင် သွားနေတာက စစ်အုပ်စုအလိုကျ ပါတီတွေနဲ့ စစ်အုပ်စု ကျင်းပမယ့် ရွေးကောက်ပွဲကနေ ဘယ်ပါတီ ဘယ်လောက်နိုင်နိုင် စစ်အုပ်စုကသာ အာဏာအပိုင်ဆုံးဆိုတဲ့လမ်းသာ ဖြစ်ကြောင်း ငြင်းလို့မရပါဘူး။
ထပ်ပြီး ခပ်ပြတ်ပြတ်ပြောရမယ်ဆိုရင် ဒီနေ့ အာဏာသိမ်းစစ်အုပ်စုဆိုတာ ပြည်သူ့အာဏာကို သေနတ်ဖောက် သိမ်းထားတဲ့ အကြမ်းဖက်စစ်အုပ်စုသာဖြစ်ပြီး အစိုးရတရပ် မဟုတ်ပါဘူး။ အစိုးရတရပ် မဟုတ်တဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဘာတွေလည်း သူတို့မှာ လုပ်ခွင့်မရှိပါဘူး။
ပြောရရင် မင်းအောင်လှိုင် ပြောတဲ့ ငြိမ်းချမ်းရေးဆိုတာ မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် လှေကားတထစ် ဖြစ်မလားဆိုတဲ့ ကယောက်ကယက်အိပ်မက် ဖြစ်ပါတယ်။
သွေးညှီနံ့ နံနေတဲ့ မင်းအောင်လှိုင် ပါးစပ်ကို ပလုတ်ကျင်း ခံတွင်းရှင်းဖို့ ဘယ်သူမဆို နေပြည်တော် အရောက်သွားပြီး ရေတစ်ခွက် ဆက်ချင်လည်း သွားဆက်နိုင်ပါတယ်။
ပြည်သူက အဖက်မလုပ်လို့ သမိုင်းအမှိုက်ပုံထဲ ပုပ်သိုးပျက်စီးခဲ့သူတွေအကြောင်း သင်တို့ ဖတ်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။
ထွန်းလင်း