DVB Logo
Home
မြန်မာသတင်း
ချင်းမိုင် အမေရိကန်ကောင်စစ်ဝန်ရုံးက မြန်မာအတိုက်အခံများအား လက်နက်ပံ့ပိုးနေသည်ဟု ထိုင်းဒေသခံများ စွပ်စွဲ
DVB
·
April 27, 2022
ချင်းမိုင် အမေရိကန်ကောင်စစ်ဝန်ရုံးက မြန်မာအတိုက်အခံများအား လက်နက်ပံ့ပိုးနေသည်ဟု ထိုင်းဒေသခံများ စွပ်စွဲ
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်အခြေစိုက် အမေရိကန်ကောင်စစ်ဝန်ရုံးဟာ မူလရုံးထက် ပိုမိုကြီးမားတဲ့ အဆောက်အဦသစ်ကို ဆောက်လုပ်နေပြီး လက်နက်သိုလှောင် ဖြန့်ဖြူးနေကြောင်း၊ အထူးသဖြင့် နိုင်ငံရေး မငြိမ်မသက်ဖြစ်နေတဲ့ မြန်မာအတိုက်အခံတွေထံ လက်နက်တွေ လျှို့ဝှက်ထောက်ပံ့နေတယ်လို့ ချင်းမိုင်ဒေသခံအချို့က စွပ်စွဲလိုက်ပါတယ်။

နိုင်းနိတိထွန်းလမ့်လေ (ခ) နုတ်ခေါင်ဆိုသူ ဦးဆောင်တဲ့ ထိုင်းပြည်သူ့ကိုယ်စားပြုလို့ အမည်ပေးထားတဲ့ အဖွဲ့ဝင် ၂၀ ကျော်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က ချင်းမိုင်-အမေရိကန် ကောင်စစ်ဝန်ရုံးကို ချီတက်လာပြီး ထိုင်းမြေပေါ်ကတဆင့် မြန်မာအတိုက်အခံတွေကို လက်နက်ခဲယမ်း ထောက်ပံ့နေတာ ရပ်တန့်ဖို့၊ လက်ရှိ ဆောက်လုပ်နေတဲ့ ကောင်စစ်ဝန်ရုံး အသစ်ရဲ့ ပမာဏကိုလည်း ပြန်လည်သုံးသပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

လက်ရှိဆောက်လုပ်နေတဲ့ ကောင်စစ်ဝန်ရုံးသစ်ဟာ ချင်းမိုင်မြို့ နောင်ပါခန့်ရပ်ကွက် ချင်းမိုင်-လမ်းပန်း အဝေးပြေးလမ်းမပေါ်မှာ တည်ရှိပြီး ၈ ဧကကျော် ကျယ်ဝန်းကာ ထိုင်းဘတ်ငွေ သန်းပေါင်း ၉,၀၀၀ ကျော် အကုန်ကျခံပြီး ၂ နှစ်အတွင်း အပြီးဆောက်လုပ်မှာ ဖြစ်ပါတယ်။

ချင်းမိုင်မှာရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံသား အရေအတွက်နဲ့ စာလိုက်ရင် အဆောက်အဦသစ်ဟာ မတန်တဆ ကြီးမားနေကြောင်း၊ ထိုင်းနိုင်ငံဟာ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်မဟာဗျူဟာတွက် အရေးပါတဲ့ နိုင်ငံတခုဖြစ်တယ်လို့ အမေရိကန်အိမ်ဖြူတော်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ သတင်းစာရှင်းပွဲမှာ ပြောခဲ့ဖူးတယ်လို့ဆိုပါတယ်။

လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ တရုတ်နဲ့ အမေရိကန်ဟာ ဆန့်ကျင်ဘက်တွေဖြစ်ပြီး အမေရိကန် ကောင်စစ်ဝန်ရုံးရှိတဲ့ နေရာဟာ တရုတ်နိုင်ငံနဲ့ ကီလိုမီတာ ၃၀၀ ခန့်သာ ကွာဝေးကြောင်း၊ ထိုင်းရဲ့အိမ်နီးချင်း မြန်မာနိုင်ငံမှာလည်း နိုင်ငံရေးမတည်ငြိမ်မှုတွေ ရှိနေပြီး အတိုက်အခံတွေကို အမေရိကန်က လက်နက်တွေ ကူညီထောက်ပံ့ပေးနေတယ်လို့ သိထားတဲ့အတွက် မိမိတို့ ထိုင်းနိုင်ငံအနေနဲ့ အနာဂတ် ဒေသတွင်း မတည်ငြိမ်မှုပေါ် စိုးရိမ်ပူပန်မှုရှိပြီး တတိယကမ္ဘာစစ် ဖြစ်ပေါ်စေမယ့် ကြားခံအသုံးချခံနယ်မြေတခု ဖြစ်လာမှာကိုလည်း မလိုလားဘူးလို့ နိုင်းနိတိထွန်းက သတင်းထောက်တွေကို ပြောပါတယ်။

လွန်ခဲ့တဲ့လပိုင်းက ထိုင်းနိုင်ငံမှာ ရွှေမြွေဟောက် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး အမေရိကန်ဟာ အဆိုပါစစ်ဆင်ရေးအတွက် အသုံးပြုဖို့ အကြောင်းပြကာ ဒရုန်းတွေ၊ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာခဲ့တယ်လို့လည်း နိုင်းနိတိထွန်းက ပြောပါတယ်။

ဒါကြောင့် ကောင်စစ်ဝန်ရုံးအသစ်ဟာ လက်နက်ခဲယမ်း သိုလှောင်ဖြန့်ဖြူးတဲ့နေရာ၊ CIA အမေရိကန် ထောက်လှမ်းရေးတို့ရဲ့ ခြေကုပ် အလုပ်လုပ်မယ့်နေရာ ဖြစ်လာမှာကို ထိုင်းပြည်သူတွေ မလိုလားကြောင်း၊ ထိုင်းပြည်သူတွေဟာ စစ်မက်မလိုလားဘဲ ငြိမ်းချမ်းစွာ နေထိုင်လိုကြောင်း၊ အမေရိကန်အနေနဲ့ ထိုင်းနဲ့ အာဆီယံ သဘောတူချက်တွေကို လေးစားလိုက်နာဖို့၊ မြန်မာပြည်ထဲက ပြဿနာဟာ သူတို့ ပြည်တွင်းရေးပြဿနာသာဖြစ်ပြီး အမေရိကန်အနေနဲ့ ထိုင်းနယ်စပ်ကနေတဆင့် လက်နက်ခဲယမ်း ပံ့ပိုးမှုတွေ ရပ်တန့်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းပြည်သူတွေ စွပ်စွဲချက် မမှန်ကန်ကြောင်း အမေရိကန်ဘက်က ပြန်လည် ငြင်းဆိုလိုက်တယ်လို့ ဧပြီ ၂၆ ရက်ထုတ် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဘန်ကောက် အမေရိကန်သံရုံး ပြောခွင့်ရ နီကိုးလ် ဖောက်စ်က "ထိုင်းပြည်သူ့ပါတီအဖွဲ့ရဲ့ အဆိုပါ စွပ်စွဲချက်မှာ မမှန်ကန်ကြောင်း၊ ချင်းမိုင်မြို့က ကောင်စစ်ဝန်ရုံးသစ် ဆောက်လုပ်မှုဟာ မော်ရိုကိုကနေ မက္ကဆီကိုအထိ ကမ္ဘာတဝန်း သံတမန်ရေးရာ အဆောက်အအုံတွေ အဆင့်မြှင့်တင်ဖို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ပိုမိုကျယ်ပြန့်တဲ့ ကြိုးပမ်းမှု တစိတ်တပိုင်းပဲ ဖြစ်တယ်၊ အဆောက်အအုံသစ်ဟာ ထိုင်းနိုင်ငံနဲ့ အမေရိကန် ဆက်ဆံရေးရဲ့ နက်နဲမှု ကျယ်ပြန့်မှုကို ထင်ဟပ်နေပါတယ်” လို့ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013