DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စစ်ကောင်စီက ချမှတ်ထားသည့် ထောင်ဒဏ် စုစုပေါင်း ၁၁ နှစ်ရှိလာ
DVB
·
April 27, 2022
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စစ်ကောင်စီက ချမှတ်ထားသည့် ထောင်ဒဏ် စုစုပေါင်း  ၁၁ နှစ်ရှိလာ
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်း စစ်ကောင်စီက တရားစွဲဆိုထားခဲ့တဲ့အမှုတွေထဲက အမှု ၆ မှု အတွက် ချမှတ်ပြီးစီးခဲ့တဲ့ ထောင်ဒဏ် စုစုပေါင်းက  ၁၁ နှစ်အထိ ရှိလာပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက အရင်က အမှု ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ်ချမှတ်ထားရာကနေ ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံကနေ ရွှေနဲ့ ဒေါ်လာ ယူခဲ့တယ်ဆိုတဲ့ အမှုအတွက် ဒီနေ့ ဧပြီ ၂၇ ရက်မှာ  ထောင်ဒဏ် ၅  နှစ် ထပ်ချလိုက်တာကြောင့် စုစုပေါင်း ထောင်ဒဏ်ဟာ ၁၁  နှစ်ရှိလာတာပါ။ 

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အမှုအတွက် ထောင်ဒဏ် ၂ နှစ်နဲ့ ဦးညီညီဆိုသူက စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အမှုအတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် အထူးတရားရုံးက ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှာလည်း ပုဒ်မ ၅၀၅(ခ) အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးစီမံ ပုဒ်မ ၂၅ အတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့ပေမယ့် ၂ နှစ်ကို  လျှော့ချသက်သာခွင့်ပေးတယ်လို့  စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

ဒီကကနေ့ ဧပြီ ၂၇ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ  အမေရိကန် ဒေါ်လာ ၆၀၀,၀၀၀ (ခြောက်သိန်း)နဲ့  အကယ်ဒမီ အခေါက်ရွှေ ၇ ပိဿာတို့ကို သုံးကြိမ်ခွဲပြီး  နေအိမ်မှာ  လက်ခံ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ်ခံရပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် အခုလို တဖက်သတ် စွပ်စွဲထောင်ဒဏ်ချမှတ်ခဲ့ပေမဲ့ စတင်ဖမ်းဆီးချိန် ရှာဖွေပုံစံမှတ်တမ်းမှာ  အဆိုပါ ဒေါ်လာတွေနဲ့ ရွှေတွေပါဝင်တာမရှိသလို  အဆိုပါ အခုအချိန်အထိလည်း ဒေါ်လာတွေနဲ့ ရွှေတွေ ယူခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထား တခုမှ ပြသနိုင်တာမရှိပါဘူး။ 

ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ထွက်ဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီးလည်း “All Absurd” အားလုံးဟာ မဟုတ်တမ်းတရားတွေလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ပြောဆိုထားသလို တရားရုံးမှာလည်း အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နောက်ထပ် ရင်ဆိုင်နေရတဲ့ အမှုတွေကတော့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်လ်ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ လ.ဝ.က အက်ဥပဒေတို့နဲ့ စွဲဆိုထားတာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့လည်း အမှုတွဲအဖြစ် တရားစွဲခံထားရပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ၂၀၂၁ ခုနှစ် အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာသုံးဖို့ ရဟတ်ယာဉ် တစီးဝယ်ယူ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်လို့  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၅ ခုဖွင့် တရားစွဲဆိုထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်နေတဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း(ရုံးချုပ်)ဖွင့်လှစ်ဖို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းအမှတ်(၆၀)က မြေ ၁ ဒသမ ၈၆ ဧကနဲ့ အဆောက်အအုံတို့ကို ထိုက်သင့်တဲ့ တန်ဖိုးမပေးဘဲ လျော့နည်းသက်သာတဲ့ နှုန်းထားနဲ့ ငှားရမ်းဆောင်ရွက်စေခဲ့တာ၊ နေပြည်တော်ရှိ လရောင်တောစိုက်ပျိုး သက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းဆောင်ရွက်ဖို့  ဥတ္တရသီရိမြို့နယ်ရှိ မြေဧရိယာ ၁၀၁ ဒသမ ၃၃ ဧကနဲ့ ပုဗ္ဗသီရိမြို့နယ်ရှိ မြေဧရိယာ၂၃ ဒသမ ၈၅၅ ဧကကို ထိုက်သင့်တဲ့ တန်ဖိုးထက် များစွာလျော့နည်း ပေးချေခဲ့တယ်လို့လည်း စွပ်စွဲပြီး  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ ဒီနေ့အမိန့်ချတဲ့အမှုအပါအဝင် ၅ ခု ဖွင့်ထားပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်မှာ မလျော်သြဇာလွှမ်းမိုးခဲ့တယ်ဆိုလည်း စစ်ကောင်စီကနေ ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ စွဲဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013