DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးနှင့် စစ်ရေးရည်မှန်းချက်နှစ်သက်သဖြင့် RCSS တပ်ဖွဲ့ဝင် ၃၀၀ ခန့် ပူးပေါင်းလာဟု SSPP/SSA ပြော
DVB
·
April 27, 2022
နိုင်ငံရေးနှင့် စစ်ရေးရည်မှန်းချက်နှစ်သက်သဖြင့် RCSS တပ်ဖွဲ့ဝင် ၃၀၀ ခန့် ပူးပေါင်းလာဟု SSPP/SSA ပြော
Donate to DVB

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ စစ်ရေးရည်မှန်းချက်ကို ကြိုက်နှစ်သက်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့ဝင် ၃၀၀ နီးပါး ပူးပေါင်းလာခဲ့တယ်လို့  SSPP/SSA ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

SSPP နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဒေသတိုးချဲ့ထားတဲ့ RCSS တပ်ဖွဲ့တွေကို ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် RCSS တပ်ဖွဲ့တွေဟာ ဌာနချုပ်ရှိတဲ့ လွယ်တိုင်းလျန်းကို ပြန်ဆုတ်ခွာသွားချိန် ကျန်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေက SSPP နဲ့ ပူးပေါင်းလိုက်ကြတာလို့ ဆိုပါတယ်။

ပူးပေါင်းခဲ့တဲ့ RCSS တပ်ဖွဲ့ဝင်တိုင်းဟာ လက်နက်နဲ့အတူ ပူးပေါင်းခဲ့ကြတာ မဟုတ်ဘဲ တချို့တပ်ဖွဲ့ဝင်တွေက ဒေသခံတွေဖြစ်တာကြောင့် SSPP နဲ့ ပူးပေါင်းခဲ့ကြတာလို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဘုန်းဟန်က ပြောပါတယ်။

“၃၀၀ ဆိုတာက အုပ်စုလိုက်လာတာတော့ မဟုတ်ဘူးလေ။ အစုအဖွဲ့လိုက်၊ နီးစပ်ရာ နီးစပ်ရာပေါ့လေ။ တပ်ရင်းလား၊ တပ်ခွဲလား၊ သူတို့ အမြင်ချင်း တူတဲ့ဟာတွေ သူတို့ လာပေါင်းတာဖြစ်တယ်။ အုပ်စုလိုက်၊ ၃၀၀ လုံးလုံး လက်နက်အပြည့်အစုံနဲ့လာတာ မဟုတ်ပါဘူး။ တချို့က လက်နက်ပါတာပေါ့ဗျာ။ တချို့က လက်နက်ပါတယ်။ တချို့က လက်နက်မပါဘူး။ လာပေါင်းတဲ့အဖွဲ့တွေက သူတို့ရဲ့ဆန္ဒအတိုင်းပဲ သူတို့ ဘာလုပ်ချင်လဲ ဆိုတဲ့ဟာကို ကျနော်တို့ အရင်ဆုံး သဘောထားမေးပြီးတော့ သူတို့ သဘောထား အတိုင်းပဲ ကျနော်တို့က စီမံပေးတာ ရှိပါတယ်။”

ဖေဖော်ဝါရီ ၈ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ RCSS ၁၉၈ တပ်မဟာမှူး အပါအဝင် တပ်ဖွဲ့ဝင်တွေကို လက်နက်ခဲယမ်းတွေနဲ့အတူ SSPP/SSA ဘက်က ဖမ်းမိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း RCSS တပ်ဖွဲ့ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်ကနေ တပ်သားအဆင့်အထိ တပ်ဖွဲ့ဝင် ရာနဲ့ချီပြီး SSPP  နဲ့ လာရောက် ပူးပေါင်းခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဒေသခံတွေကို ဒီဗွီဘီသတင်းဌာနက စုံစမ်းကြည့်တဲ့အခါ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဒေသတချို့မှာ RCSS ဘက်က စစ်ရှုံးခဲ့တာကြောင့် RCSS တပ်ဖွဲ့ဝင်တချို့က SSPP နဲ့ ပူးပေါင်းသွားတာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီအပြင် တချို့ RCSS တပ်ဖွဲ့ဝင်တွေဟာ အဲဒီတိုက်ပွဲတွေအတွင်းမှာ မိသားစုနဲ့အတူ ပြန်နေထိုင်ရင်း SSPP ရဲ့ဖမ်းဆီးတာ ခံရတဲ့သူတွေ ရှိသူလို တချို့ကတော့ ခရီးသွားရင်း ဖမ်းဆီခံရတဲ့သူတွေလည်း ပါတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဥပဒေအရ RCSS တပ်ဖွဲ့ဝင်တွေဟာ ၅ နှစ် စစ်မှုထမ်းပြီးရင် ထပ်မံစစ်မှုထမ်းဖို့ မလိုဘဲ မိသားစုနဲ့ ပြန်လည်နေထိုင်ကြတဲ့အခါမှာ SSPP ရဲ့ ဖမ်းဆီးတာကို ခံရတဲ့သူတွေရှိပြီး RCSS တပ်ဖွဲ့ဝင် ၃၀၀ နီးပါး ပူးပေါင်းတယ်ဆိုတာ ဘယ်အချက်အလက်တွေကို ယူပြီး ပြောဆိုလဲ ဆိုတာကို မသိဘူးလို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက ဒီဗွီဘီသတင်းဌာနကို ပြောပါတယ်။

“တာဝန်ထမ်းဆောင်မှု ပြီးသွားလို့ရှိရင် သူတို့က အရပ်သား ပြန်ဖြစ်တာပေါ့။ အဲဒါဆိုရင် သူတို့က အိမ်ပြန်ခွင့်ပြုတယ်။ နောက် သူတို့ဒေသ၊ သူတို့မြို့နယ်မှာ သူတို့ ပြန်သွားနေလို့ ရတာပေါ့နော်။ ၅ နှစ် တာဝန်ထမ်းဆောင်ပြီးမှ အရပ်သားဖြစ်တဲ့သူကို RCSS လူဆိုပြီးမှ ဖမ်းသွားတာ ဖြစ်ကောင်းဖြစ်နိုင်မှာပေါ့။ သူတို့ဆီ သွားပူးပေါင်းတာ ၃၀၀ ကျော်ဆိုတာ သူတို့ ဘာအချက်အလက်နဲ့ ပြောတာလဲပေါ့။ နောက်တခုက အခြေအမြစ်မရှိဘဲ စွပ်စွဲပြောဆိုတဲ့ဟာကျတော့ ယုတ္တိမဆန်တဲ့ စွပ်စွဲချက်တွေဆိုတော့ အဖွဲ့အစည်းရဲ့ ပုံရိပ်ကို ကျစေနိုင်တာပေါ့။”

RCSS တပ်ရဲ့ အမှတ် ၆၀၆ တပ်မဟာ လုံခြုံရေးတပ်က တပ်ရင်းမှူး စိုင်းပီနဲ့ တပ်ခွဲမှူးတို့ဟာ ဧပြီလအတွင်းက SSA နဲ့ ပူးပေါင်းခဲ့ပါတယ်။ RCSS တပ်ဖွဲ့အတွင်းမှာ အထက်အောက် ခွဲခြားဆက်ဆံမှုတွေ ရှိနေတာကြောင့် တပ်ကို စွန့်ခွာလာခြင်းဖြစ်တယ်လို့ တပ်ရင်းမှူး စိုင်းပီရဲ့ ပြောဆိုချက်ကို  SSPP/SSA က ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013