DVB Logo
Home
မြန်မာသတင်း
ပြည်ပအလုပ်အကိုင်အေဂျင်စီများ စစ်ကောင်စီထံ လိုင်စင်သက်တမ်းမတိုးရန် NUG တိုက်တွန်း
DVB
·
April 26, 2022
ပြည်ပအလုပ်အကိုင်အေဂျင်စီများ  စစ်ကောင်စီထံ လိုင်စင်သက်တမ်းမတိုးရန် NUG တိုက်တွန်း
Donate to DVB

ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အေဂျင်စီတွေကို စစ်ကောင်စီထံ လိုင်စင် သက်တမ်းမတိုးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  အသိပေး ထုတ်ပြန်ထားပါတယ်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီတွေ အနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းလိုင်စင်ကို NUG အလုပ်သမားဝန်ကြီးဌာနမှာ မှတ်ပုံတင်လျှောက်ထားကြဖို့နဲ့ မှတ်ပုံတင်လျှောက်ထားတဲ့ အေဂျင်စီတွေရဲ့ အမည်နဲ့ အချက်အလက်တွေကိုလည်း လုံခြုံရေးအခြေအနေအရ လျှို့ဝှက်ပေးထားမယ်လို့ ဆိုပါတယ်။

ဒါကြောင့် လုပ်ငန်းလိုင်စင်အတွက် မှတ်ပုံတင်လျှောက်ထားလိုသူတွေအနေနဲ့ https://mol.nugmyanmar.org/forms/  ကနေအွန်လိုင်းမှတဆင့် လျှောက်ထားနိုင်တယ်လို့ NUG ကဆိုပါတယ်။   

ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ထံမှ တစုံတရာ ညွှန်ကြားချက် မထွက်လာသေးဘူးလို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရှင် တချို့က ပြောပါတယ်။

MOEAF အသင်းသားတဦးဖြစ်တဲ့ လုပ်ငန်းရှင်တဦးက “ဒါနဲ့ပတ်သက်ပြီး သူတို့ ဘယ်လို သဘောထားရှိလဲဆိုတာကို ဥက္ကဋ္ဌ အဆင့်တာဝန်ရှိတဲ့သူတွေကို မေးကြည့်မှပဲ သိရပါမယ်။ ကျနော်တို့ကိုတော့ ဘာမှ မူဝါဒ ချပေးထားတာ လောလော ဆယ်တော့ မရှိသေးဘူး။ ပြီးတော့ အဲ့ဒါနဲ့ ပတ်သတ်ပြီး ဥက္ကဋ္ဌ မှတ်ချက်ပေးတားတာလည်း မရှိသေးပါဘူး။ လက်ရှိမှာတော့ MOEAF ရဲ့စာရင်းတွေအရ  ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအတွက် မှတ်ပုံတင်ထားရှိတဲ့ အေဂျင်စီအရေအတွက်က ၃၂၂ ခု ရှိပါတယ်။ အဲ့ ၃၂၂ ခုစလုံးက လက်ရှိမှာတော့ လုပ်ငန်း လည်ပတ်နေပါတယ်။ သက်တမ်းတိုးလည်း ဆောင်ရွက်ထားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုပေးနေတဲ့ အေဂျင်စီပိုင်ရှင် တဦးကတော့ “ကျနော်ကတော့ အဲဒီအပေါ်မှာ တစုံတရာ မှတ်ချက် မပေးချင်ဘူး ခင်ဗျ။ ဘာလို့လဲဆို သိတဲ့အတိုင်းပဲ။ အခြေအနေက။ လက်ရှိမှာတော့ နှစ်ဖက်စလုံးကို ဘယ်သူ့ကိုမျှ မှတ်ချက်မပေးချင်ဘူးနော်။ ကျနော်တို့လည်း ဘာမှ မလုပ်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုအချိန်ဟာ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ပြည်သူတရပ်လုံးက စစ်အာဏာရှင်ကို နည်းလမ်းမျိုးစုံအသုံးပြုပြီး တွန်းလှန်နေတဲ့ ကာလဖြစ်တဲ့ အလျှောက် အလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်အေဂျင်စီတွေအနေနဲ့ ပြည်သူ့ အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်တဲ့ အချိန်အထိ လိုက်နာ ပူးပေါင်းဆောင်ရွက်ကြဖို့ NUG က တိုက်တွန်းထားပါ တယ်။

စစ်ကောင်စီထံမှာ ကုမ္ပဏီ (သို့) အေဂျင်စီ လိုင်စင်အတွက် သက်တမ်းတိုးတာနဲ့အတူ အသစ် လျှောက်ထားခြင်း မပြုကြဖို့၊ အခွန်အခနဲ့ အာမခံကြေး မပေးသွင်းဖို့၊ အလုပ်သမားတွေရဲ့ အခွင့်အရေး အပြည့်အဝ ရရှိစေရေးနဲ့ နစ်နာဆုံးရှုံးမှု မရှိစေရေးကို ဦးစားပေး စီမံဆောင်ရွက်ကြဖို့ NUG ကတိုက်တွန်းပါတယ်။

ဒါ့အပြင် မိမိတာဝန်ယူ အကျိုးဆောင်တဲ့ အလုပ်သမားတွေမှာ အခွင့်အရေး ချိုးဖောက် ခံရမှုတွေနဲ့ အလုပ်သမားရေးရာ ပြဿနာတွေ ဖြစ်ပေါ်လာပါက အချိန်နဲ့ တပြေးညီလိုက်ပါ ကူညီဖြေရှင်းပေးဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အလုပ်သမား ဝန်ကြီးဌာနထံမှာ မိမိတို့လုပ်ငန်း လိုင်စင်တွေကို  မှတ်ပုံတင် ပြန်လည်လျှောက်ထားကြဖို့ လည်း NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်တွန်းချက်တွေကို မလိုက်နာတဲ့ ကုမ္ပဏီနဲ့  အေဂျင်စီတွေကို အမျိုးသားညီညွတ်ရေး အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနက  စီမံခန့်ခွဲရေးနည်းလမ်းအရ အမည်ပျက်စာရင်း ထည့်သွင်းကာ ရာသက်ပန် လုပ်ငန်း လိုင်စင်ပိတ်သိမ်းသွားမှာဖြစ်ပြီး အမည်ပျက်စာရင်းဖော်ပြခံရတဲ့ လုပ်ငန်းတွေကိုလည်း  အများပြည်သူ သိရှိနိုင်ဖို့ ထုတ်ပြန် ကြေညာသွားမယ်လို့ ဆိုပါတယ်။

လတ်တလော  NUG အနေနဲ့ အစိုးရဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းတွေနဲ့ ပတ်သက်လို့ အခါအားလျော်စွာ အမည်ပျက်စာရင်း ထုတ်ပြန်နေပေမဲ့ ဌာနဆိုင်ရာတွေအနေနဲ့ လုပ်ငန်း လည်ပတ်နေဆဲဖြစ်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားရှိတဲ့ အချက်အလက်တွေ အရ ပြည်ပအကျိုးဆောင် လိုင်စင် အာမခံကြေးငွေ ကျပ် သိန်း ၂၀၀ ပေးသွင်းခြင်း မရှိတဲ့အတွက် လုပ်ငန်းလိုင်စင်ပိတ်သိမ်းခံရတဲ့ အေဂျင်စီ အရေအတွက်က ၂၆ ခု ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013