DVB Logo
Home
မြန်မာသတင်း
စစ်တပ်က မှန်တောရွာနေအိမ်များအားမွှေနှောက်ပြီး ဆန်နှင့်ပစ္စည်းများယူ၊ ဇင်ကလဲကျေးရွာကို မီးရှို့
DVB
·
April 26, 2022
စစ်တပ်က မှန်တောရွာနေအိမ်များအားမွှေနှောက်ပြီး ဆန်နှင့်ပစ္စည်းများယူ၊ ဇင်ကလဲကျေးရွာကို မီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း မှန်တောရွာထဲကို ဧပြီ ၂၆ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်ပြီး စားနပ်ရိက္ခာအပါအဝင် ပစ္စည်းတွေ ယူဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ မှန်တောရွာထဲ ဧပြီ ၂၅ ရက်နေ့က ခြေလျင် ဝင်ရောက်လာကြပြီးနောက် ဆန်စပါးတွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ ပရိဘောဂတွေ၊ ပျဥ်တိုပျဥ်စတွေ၊ မော်တော်ဆိုင်ကယ်၊ တိရစ္ဆာန်တွေသာမက တံမြက်စည်းတွေပါမကျန် ဖောကား ၆ စီးဖြင့်  ခေါက်တုံ့ခေါက်ပြန် ခိုးယူသယ်ဆောင်သွားကြပြီး ဒီနေ့လည်း ထပ်မံဝင်ရောက် မွှေနှောက်နေကြတာလို့ ဆိုပါတယ်။

"တိုက်ပွဲရှောင်နေရတာဆိုတော့ ရွာထဲ လူတွေမနေရဲကြတော့ဘူး။ ပစ္စည်းတွေတော့ ယူပါစေတော့ ဘယ်တတ်နိုင်မလဲ။ ယူစရာပစ္စည်းမရှိတော့ရင် အိမ်တွေ မီးရှို့ပစ်ခဲ့ကြမှာ စိုးရိမ်နေရတယ်” လို့ မှန်တောရွာသားတဦးက ဒီဗွီဘီကို‌ ပြောပါတယ်။

မှန်တောရွာဟာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်နေထိုင်ကာ လက်ရှိကျေးရွာထဲမှာ မနေရဲကြတော့ဘဲ ဘေးလွတ်ရာတောတောင်‌တွေနဲ့ ဟန်တားရွာက စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဟာ ကျေးရွာတွင်း မကြာခဏဝင်ရောက်ကာ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေပြီး ဧပြီ ၈ ရက်နေ့ကလည်း ကျေးရွာအတွင်း ရိက္ခာယူပြန်လာတဲ့ စစ်ဘေးရှောင်လူငယ် ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားကြပါသေးတယ်။

အခုအခါ မှန်တောကျေးရွာက စစ်ရှောင်တွေဟာ စစ်ဘေးရှောင်နေရတာ အချိန်ကာလ ကြာမြင့်နေပြီဖြစ်တာကြောင့် စားနပ်ရိက္ခာအခက်အခဲနဲ့ နေထိုင်ရေးအခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။

မှန်တောရွာနဲ့ ထိစပ်‌နေတဲ့ အောင်သာယာကျေးရွာနေ ပြည်သူတွေလည်း တိုက်ပွဲရှောင်နေရတာ ၅ လလောက်ကြာမြင့်နေပြီး ရွာသူရွာသားတွေဟာ မင်းလှကျေးရွာ စစ်ရှောင်စခန်းမှာ စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ဇင်ကလဲကျေးရွာကို စစ်ကောင်စီက ဧပြီ ၂၆ ရက်နေ့ညနေ ၃ နာရီခွဲလောက် မီးရှို့နေတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခု မီးရှို့နေတဲ့ စစ်ကောင်စီတပ်တွေဟာ  ဧပြီ ၂၅ ရက်နေ့က မင်းကင်းမြို့နယ် သံပေါက်ရွာကို မီးရှို့ခဲ့တဲ့ စစ်တပ်ဖြစ်တယ်လို့ ဆိုပါတယ်။

“ရွာကို မီးရှို့တာက မနက်ကလည်း မီးရှို့တယ်။ အဲတာကတော့ နေအိမ်နှစ်လုံး မီးလောင်တယ်။ အ ခုညနေခင်းရှို့တာကတော့ တရွာလုံးပြောင်မယ့်သဘောရတယ်။ ကျေးရွာထဲ ကွက်ပြီးမီးရို့နေတာ။ ရွာသားတွေကတော့ ရှောင်နေကြရတယ်ပေါ့။ ဘယ်လို့မီးရှို့လဲဆိုတော့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်တယ်။ သူတို့ဘက်ကအကျဆုံးရှိလို့ အခုလို ရွာကို မီးရှို့တာဖြစ်တယ်ဗျ။ ကျနော်တို့ သဘောကတော့ နှစ်ဘက်တိုက်ပွဲဖြစ်တိုင်း ရွာတွေကို မီးရှို့တာကတော့ မကောင်းဘူးပေါ့ဗျာ။ တိုက်ကြတယ်ဆိုရင် လက်နက်ကိုင်ချင်းချင်း တိုက်ကြပေါ့။ အခုဟာက PDF တွေကလည်း ကျနော်တို့ရွာက မဟုတ်ဘူး။ အခုဟာက ပြည်သူကို သက်သက်ဒုက္ခပေးတာပဲ။ စစ်ကောင်စီက ရှို့တာပါ။ ဘယ် PDF ကမှ ရှို့တာမဟုတ်ဘူးလို့” ဇင်ကလဲရွာသားတဦးက ပြောပါတယ်။

မင်ကင်းမြို့နယ်အတွင်း အခုမီးရှို့ခံနေရတဲ့ ဇင်ကလဲကျေးရွာဟာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး စစ်ကောင်စီက ကျေးရွာအတွင်းမှာ လက်ရှိ မီးရှို့နေတာကြောင့် ရွာမီးလောင်တဲ့ အခြေအနေကို ရွာအပြင်ကနေပဲ ရပ်ကြည့်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ကလည်း အဲဒီစစ်တပ်က မင်းကင်းမြို့နယ် သံပေါက်ရွာကို မီးရှို့ခဲတာကြောင့် အိမ်ခြေ ၁၇၅ လုံး မီးလောင်ဆောင်ရှုံးကာ မီးဘေးသင့်ပြည်သူတွေ အကူအညီ ‌အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013