ကရင်ပြည်နယ်၊ မြဝတီမြို့ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားအရှေ့မှာ အင်အားပြင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် မြဝတီဘက်မှာရော ထိုင်းဘက်ခြမ်း မဲဆောက်မြို့ဘက်မှာပါ တံတားအနီးတဝိုက် လုံခြုံရေး တင်းကျပ်ထားပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ဧပြီ ၂၃ ရက် ည ၁၀ နာရီခွဲလောက်က ကားဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး အဆောက်အအုံတွေနဲ့ ကားတွေ ထိခိုက်ပျက်စီးခဲ့တာပါ။
အလားတူ ပေါက်ကွဲမှုတွေထပ်မဖြစ်စေဖို့ ထိုင်းနိုင်ငံ၊ တာခ်ရိုင်၊ မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက်နဲ့ ရပ်ကွက် ၅ ခုလောက်အပါအဝင် ချစ်ကြည်ရေးတံတားနဲ့ ၁ မိုင်လောက်ကို ထိုင်းအာဏာပိုင်တွေက လုံခြုံရေးတိုးမြှင့်ထားပါတယ်။
လုံခြုံရေးအဖွဲ့ဝင်အများစုဟာ မြို့နယ်အုပ်ချုပ်ရေးမှ ဖွဲ့စည်းပေးထားတဲ့ နယ်မြေခံလုံခြုံရေးအ ဖွဲ့ဖြစ်တယ်လို့ မယ်တောင်တိုက်နယ် အုပ်ချုပ်ရေးတာဝန်ရှိထံက သိရပါတယ်။

နယ်စပ်လုံခြုံရေးကင်းလှည့်စဉ် ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်လာတဲ့ ဖောက်ခွဲရေးသမားတွေနဲ့ မူးယစ်ဆေးသမားတွေ၊ လူကုန်ကူးသမားတွေကိုပါ စောင့်ကြည့် ဖမ်ဆီးသွားမယ်လို့လည်း အုပ်ချုပ်ရေးဝန်ရှိသူက ပြောပါတယ်။
ဧပြီ ၂၃ ရက် ညက မြဝတီမြို့တွင်းဘက်ကနေ အမှတ် (၁) ချစ်ကြည်ရေးတံတားဘက်သို့ ဦးတည်ပြီး ချစ်ကြည်ရေးတံတားထိပ် (မြန်မာဘက်ခြမ်း) ဝင်းတံခါးကို ကားနဲ့ ဝင်တိုက်ကာ ယာဉ်မောင်းမပါတဲ့ကားအတွင်းကနေ ပြင်းထန်တဲ့ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
အဆိုပါပေါက်ကွဲမှုကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က စစ်ဆေးနေပြီး ဖောက်ခွဲ ဖျက်ဆီးခဲ့သူကို ဖမ်းဆီးရမိရေးအတွက် အပူတပြင်း ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်း ထုတ်ထားပါတယ်။
အဆိုပါပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာကိုတော့ ဘယ်အဖွဲ့ကမှ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။