DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်၌ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ
DVB
·
April 26, 2022
ကလေးမြို့နယ်၌  နှစ်ရက်ဆက်တိုက်  တိုက်ပွဲပြင်းထန်၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ
Donate to DVB

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းကို ဧပြီ ၂၄ ရက် မနက်ပိုင်းက ခြေလျင်စစ်ကြာင်း  အပါအဝင် စစ်ကား ၆ စီး၊ အင်အား ၁၅၀ လောက်နဲ့ စစ်ကြာင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ကလေး PDF တပ်ဖွဲ့ဝင်တွေက စည်သာရွာနဲ့ နတ်​မြောင်းရွာကြားမှာ အသင့်တပ်ဆင်ထားတဲ့ မိုင်းတွေနဲ့ အဆင့်ဆင့်​ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ကလေး PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး ၅ ဦး သေဆုံးပြီး ကား ၁ စီး မိုင်းထိမှန်ပျက်စီးကာ လမ်းဘေး​ချောက်အတွင်း ထိုးကျသွားတယ်လို့ ဆိုပါတယ်။

ဧပြီ ၂၅ ရက် မနက် ၁၀ နာရီလောက်ကလည်း နတ်ချောင်းရွာကတဆင့် တောင်ပိုင်းကို ဦးတည်ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ကို ချောင်းခွရွာနားမှာ PDF (Kalay)၊ CNDF၊ RKDF နဲ့ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ ညနေ ၃ လောက်အထိ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ကလေး PDF တပ်ဖွဲ့ဝင် ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၈ ဦးလောက် သေဆုံးသွားပြီး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ပ.က.ဖ ရဲဘော် ၁ ဦး ကျဆုံးကာ ၂  ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

တချိန်တည်းမှာ နတ်​ချောင်းရွာ နဲ့ ချောင်းခွရွာဘက်မှ အောင်ချမ်းသာရွာဘက်ကို ဖောက်ထွက် မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ရဲ့  ကား ၁ စီး နဲ့ ဆိုင်ကယ် ၁၅ စီးလောက်ကို ပန်းမွန်​ချောင်းတံတားနားမှာ နေ့လယ် ၁ နာရီ လောက် ကလေး PDF တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်တွေ အကုန်လုံးနီးပါး ထိမှန်ကာ အများအပြား သေဆုံးနိုင်ပေမဲ့ သီးခြား အတည်မပြုနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် နတ်ချောင်းရွာဘက်မှ ဆက်လက်ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ညနေ ၃ နာရီလောက် ချောင်းခွရွာ နဲ့ အောင်ချမ်းသာရွာကြားမှာ ကလေး PDF တပ်ဖွဲ့တွေက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားကြီး ၁ စီး ပျက်စီးသွားပြီး အများအပြား ထိခိုက်သေဆုံးနိုင်တယ်လို့ ကလေး PDF က ထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီတပ်တွေဟာ ရှေ့ဆက်မတိုးနိုင်ဘဲ နတ်ချောင်း၊ ချောင်းခွနဲ့ အောင်ချမ်းသာရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ဆက်လက်တပ်စွဲထားတယ်လို့ သိရပါတယ်။

လက်တလော အဲဒီရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေး အခက်အခဲတွေ ဖြစ်ပေါ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ်ထဲမှာ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိသေးသလို ကျဆုံးဒဏ်ရာရ စာရင်းကိုလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013