DVB Logo
Home
မြန်မာသတင်း
သာသနာရေးအကျင့်ပျက် ဝန်ထမ်း ၉၀ ကျော်ကို NUG အမည်ပျက်စာရင်းသွင်း ထုတ်ပယ်
DVB
·
April 26, 2022
သာသနာရေးအကျင့်ပျက် ဝန်ထမ်း ၉၀ ကျော်ကို NUG အမည်ပျက်စာရင်းသွင်း ထုတ်ပယ်
Donate to DVB

အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ဝန်ကြီးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်အပါအဝင် ဝန်ထမ်း  ၉၂ ယောက်ကို အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဧပြီ ၂၅ ရက် ရက်စွဲနဲ့  ထုတ်ပြန်ကြေညာပါတယ်။

အဆိုပါထုတ်ပြန်ချက်ကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်ဘဲ ဓမ္မ ဘက်မှရပ်တည်ကာ ပြည်သူနဲ့တသားတည်းဖြစ်စေဖို့နဲ့ အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်ကြစေဖို့ အကြိမ်ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်ရုံးအနေနဲ့လည်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစတင်ပြီး အမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါ ဝင်ခဲ့ကြတဲ့ ဝန်ကြီးဌာနမဖွဲ့ရသေးတဲ့ ဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းတွေရဲ့ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနဲ့ ဖိအားကင်းစင်ရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးက အလေးထား ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ တရားမဝင်အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန် ထမ်းဆောင်နေပြီး CDM ဝန်ထမ်းတွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ရာထူးမှ ထုတ်ပယ်တာ၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်တာ၊ တရားစွဲဆိုတာ၊ ဉပဒေနဲ့အညီ ပြန်ဆပ်ဖို့ မလို တော့တဲ့ လစာချေးငွေတွေကို အတင်းအဓမ္မ ပြန်ဆပ်ခိုင်းတာတွေနဲ့ အမျိုးမျိုးသော ဖိနှိပ်မှုတွေကို ကျူးလွန်နေတဲ့ ဖော်ပြပါ ဝန်ထမ်းတွေကို အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ် ပစ်လိုက်တယ်လို့ ကြေညာထားတာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ကြေညာခဲ့ပြီး နိုင်ငံတဝန်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ စစ်တပ်က အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၈၀၀ နီးပါးနဲ့ မတရား ဖမ်းဆီးထိန်းသိမ်း ခံရသူပေါင်း ၁၃,၃၀၀ ကျော် ရှိခဲ့ပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013