DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းနှင့် မကွေး ၃၆ မြို့နယ်၌ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ NUG ဖွဲ့စည်း
DVB
·
April 25, 2022
စစ်ကိုင်းနှင့် မကွေး ၃၆ မြို့နယ်၌ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ NUG ဖွဲ့စည်း
Donate to DVB

စစ်ကောင်စီကို အာဏာဖီဆန်ခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းပေါင်း  ၂,၂၀၀ ကျော်ရှိလာပြီး စစ်ကိုင်းတိုင်း ၂၉ မြိုန့ယ်နဲ့ မကွေးတိုင်း ၇ မြို့နယ် တို့မှာ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး အုပ်ချူပ်ရေး လုပ်ငန်းတွေ စတင် လုပ်ကိုင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  ဧပြီ ၂၅ ရက် မှာထုတ်ပြန်ပါတယ်။

NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာထဲမှာ ဖော်ပြလိုက်တာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ကာ “ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ” ကို ဖွဲ့စည်းထားရှိပြီး ကြားကာလ အုပ်ချုပ်ရေးဆိုင်ရာ မူဝါဒနဲ့ လုပ်ငန်းစဉ်ကိုလည်း ပြဋ္ဌာန်း ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ်ကို ပြည်သူ့စစ်မဟာဗျူဟာနဲ့အညီ အကောင်အထည်ဖော်ကြရာမှာတော့ ယာယီသမ္မတ ဒူဝါလရှီးလက “မြေပြင်စိုးမိုးမှုလုပ်ဖို့” တိုက်တွန်းခဲ့တာရှိပြီး ဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ မြေပြင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းတိုင်ပင်ကာ ဒေသကြီး ၄ ခုမှာ အဓိက စိုးမိုးနယ်မြေရရှိရေးအတွက် ကြားကာလဒေသန္တရပြည်သူ့ အုပ်ချုပ်ရေး ဖော်ဆောင်မှု မူဝါဒ၊ လုပ်ငန်းစဉ်တွေနဲ့အညီ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို တိုးမြှင့်ဖွဲ့စည်းထားကာ အုပ်ချုပ်ရေး အခြေခံလုပ်ငန်းတွေနဲ့ မြေပြင်စည်းရုံးရေးလုပ်ငန်းတွေ၊ လူသားချင်း စာနာထောက်ထားကူညီရေးလုပ်ငန်းတွေကိုလည်း အကောင်အထည်ဖော်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့တော်လှန်ရေး အစကနဦးမှာကတည်းက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီလက်ထက်မှာ ဖွဲ့စည်းထားတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တွေဟာ မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ တည်ရှိခဲ့ပြီး တိုင်း ၇ တိုင်းနဲ့ ပြည်နယ် ၃ ခုတို့မှာ ပအဖ အဖွဲ့တွေ ခိုင်ခိုင်မာမာ အားကောင်းကောင်းနဲ့ သက်ဆိုင်ရာတော်လှန်ရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေကြကာ ပအဖ တွေကို သန္ဓေတည်ပြီး မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နဲ့ People Defense Force (PDF) တွေ အများစု အဆင့်ဆင့် ပေါ်ပေါက်လာခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။။

ပြည်သူ့တော်လှန်ရေးရဲ့ တပ်ဦးတစ်နေရာမှာ ခိုင်ခိုင်မာမာ ရပ်တည်တိုက်ပွဲဝင်နေတဲ့ ပြည်သူ့သူရဲကောင်း CDM တွေအတွက် ဝန်ကြီးဌာနအနေနဲ့ အတတ်နိုင်ဆုံး ကြိုးပမ်း ထမ်းရွက်နေပြီး CDM တွေရဲ့ ပညာအားနဲ့ အတွေ့အကြုံအားတို့ကိုလည်း တော်လှန်ရေးခရီးအတွက် ထပ်လောင်းအားဖြစ်စေအောင် ဝန်ကြီးဌာနမှာ စီမံထားရှိတယ်လို့ ဆိုပါတယ်။။

“အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDMဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီ” ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်မှာ ဖွဲ့စည်းခဲ့ပြီး ဒီကနေ့အထိ ဆက်သွယ်ရရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDMဝန်ထမ်း ဦးရေ စုစုပေါင်း ၂၂၀၁ ယောက်နဲ့ အဲဒီထဲမှာ အရာထမ်း ၂၄ ယောက်၊ အမှုထမ်း ၂,၁၇၇ ယောက် ပါဝင်ကာ ကျန်ရှိနေတဲ့ CDM ဝန်ထမ်းတွေကို ချိတ်ဆက်နိုင်ရေးကိုလည်း ဆက်လက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“CDM ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီ”ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၇ ရက်မှာ ဖွဲ့စည်းခဲ့ပြီး မတ်ကကုန်အထိ CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင် ရဲမှူး ၂ ယောက်၊ ဒုရဲမှူး ၁၂ ယောက်၊ ရဲအုပ် ၄၂ ယောက်၊ ဒုရဲအုပ် ၇၉ ယောက်၊ ရဲအရာခံ ၁ ယောက်၊ ရဲတပ်ကြပ်ကြီး ၁၀၄ ယောက်၊ ရဲတပ်ကြပ် ၁၆၅ ယောက်၊ ရဲဒုတပ် ကြပ် ၃၃၆ ယောက်၊ ရဲတပ်သား ၂၀၆၉ ယောက်၊ စာ‌ရေး ၁၆ ယောက်၊ အကျဉ်းဦးစီးဌာန ဝန်ထမ်း ၄ ယောက်နဲ့  စစစ ဝန်ထမ်း ၅ ယောက်၊ စုစုပေါင်း ၂,၈၃၅ ယောက် စာရင်းသွင်းနိုင်ခဲ့ကာ အမှန်စင်စစ် သတင်းရရှိထားတဲ့ CDM ရဲတပ်ဖွဲ့ဝင် အင်အားကတော့ ၆,၀၀၀ နဲ့ ၇,၀၀၀ ကြားမှာ ရှိနေတာမို့ ချိတ်ဆက်ဖို့ ကျန်ရှိနေသေးတဲ့ CDM ရဲတပ်ဖွဲ့ဝင်တွေကို ချိတ် ဆက်နိုင်ရေး ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် “မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီ” (ALL MYANMAR CDM FIRE FIGHTERS REPRESENTATION COMMITTEE) ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်မှာ ဖွဲ့စည်းခဲ့ပြီး လက် ရှိအချိန်ထိ ကော်မတီနဲ့ အချိတ်အဆက် ရရှိထားတဲ့ မီးသတ်ဦးစီးဌာန CDM အရေအတွက် ၅၄၄ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။ 

PDF နဲ့ တခြားလက်နက်ကိုင် အဖွဲ့တွေထဲ ဝင်ရောက်တာဝန် ထမ်းဆောင်နေကြတဲ့ မီးသတ် CDMers တွေ ရှိသလို ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့ပေးဖို့အတွက် ကော်မတီမှ တာဝန်ယူကာ Energy Bar ထုတ်လုပ်ပေးတာ၊ ဖက်ဒရယ် မီးသတ်တပ်ဖွဲ့သင် တန်းတွေ တက်ရောက်တာ၊ အကြမ်းဖက် စစ်ကောင်စီရဲ့ ပြည်သူ့အိုးအိမ်တွေ မီးရှို့ဖျက်ဆီးမှုတွေကို မှတ်တမ်းတင်တာတွေကိုလည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန CDM ကိုယ်စားပြုကော်မတီ” ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်မှာ ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသားတွေကို National Identity Cards တွေ ထုတ်ဝေပေးနိုင်ရေး၊ နိုင်ငံတကာကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကို NUG အစိုးရ ထောက်ခံတဲ့ အသိအမှတ်ပြု ကတ်ပြားထုတ်ပေးနိုင်ရေး၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ တရားဝင် နေထိုင်ခွင့် သက်တမ်းတိုး လက်မှတ်တွေ ထုတ်ပေးနိုင်ရေး စတဲ့ လုပ်ငန်း ၃ ရပ်အနက်မှ ဦးစားပေး ဆောင်ရွက်နိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ တခြား‌သောဝန်ကြီးဌာနတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အရေးယူ အပြစ်ပေးနိုင်ရေးအတွက် ကာယကံရှင် လူထုကိုယ်တိုင် အမှုဖွင့်တိုင်ကြားနိုင်ဖို့ စီစဉ်ဆောင် ရွက်ခဲ့ရာမှာ လက်ရှိအချိန်ထိ အကြမ်းဖက် စစ်ကောင်စီရဲ့ အကြမ်းဖက်ပြစ်မှုပေါင်း ၂၄၀ ကျော်ကို လူထုက တိုင်ကြားထားမှုအဖြစ် လက်ခံရရှိထားပြီး၊ တရားစွဲဆိုနိုင်ရေးနဲ့ အပြစ်ပေးအရေးယူနိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်ထား ကြောင်းလည်း အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013