ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ ဧပြီ ၂၂ ရက်နေ့ မနက်အစောပိုင်းက စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် ဗုံးပေါက်ကွဲပြီးနောက်ပိုင်း ဒေသခံပြည်သူ ၁၀ ဦးကျော်ကို စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် ဗုံးပေါက်ကွဲခဲ့တဲ့ ကြို့ပင်စုကျေးရွာ ဝင်ထွက်တဲ့လမ်းတွေကို ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ပြီး အဲဒီနေ့မှာတင် ပြည်သူ ၈ ဦးကို ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ပေါက်တဲ့အချိန်က တချို့ဒေသခံတွေဆို သိလိုက်မှာတောင် မဟုတ်ဘူး။ နောက်ကျနေပြီ ဖြစ်တဲ့အချိန်မှ မနက်သွားလာတဲ့အချိန် ရွာထိပ်က လာစောင့်ပြီး လူငယ်တွေကို ဖမ်းတော့တာပဲ။ အဲဒီမနက်တင် ၈ ယောက်လောက် ပါသွားတာ။ နောက်နေ့မှာ ၂ ယောက် ထပ်ပါသွားတယ် ပြောတယ်။ ဒါတောင်မသိတာတွေ ရှိဦးမယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
တာဝါတိုင်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးသွားတဲ့သူတွေကို ဘယ်နေရာ ဖမ်းသွားတယ်ဆိုတာ မသိရသေးသလို ခုချိန်ထိ ပြန်လွတ်လာတာမျိုးလည်း မရှိသေးဘူးလို့ ဆိုပါတယ်။
စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင်ကို ဗုံးခွဲတာဟာ သူတို့ရဲ့လက်ချက် ဖြစ်တယ်လို့ ဧရာဝတီဒေါင်းတမာန်အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူတွေကို စွပ်စွဲဖမ်းဆီးတာတွေ ပြုလုပ်နေတာပါ။