DVB Logo
Home
မြန်မာသတင်း
ခရီးသည်တင်ကားကို မပစ်ခတ်ရန် KNLA စစ်ဦးစီးချုပ် ညွှန်ကြား၊ စစ်ကောင်စီတပ် တောင်ငူခရိုင်မှ ထွက်သွားရန် KNDO သတိပေး
DVB
·
April 25, 2022
ခရီးသည်တင်ကားကို မပစ်ခတ်ရန် KNLA စစ်ဦးစီးချုပ် ညွှန်ကြား၊ စစ်ကောင်စီတပ် တောင်ငူခရိုင်မှ ထွက်သွားရန် KNDO သတိပေး
Donate to DVB

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ် သွားလာပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေ၊ အရပ်သားကားတွေနဲ့ ကုန်တင်ကားတွေကို အကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ်၊ မီးရှို့ဖျက်ဆီးတာ မလုပ်ဖို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ်က ညွှန်ကြားလိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ တပ်မဟာ ၆ နဲ့ တပ်မဟာ ၇ ရှိ တပ်မဟာမှူးတွေကို လိပ်မူပြီး KNLA ဗဟို စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက အခုလို ညွှန်ကြားစာ ပေးပို့တာဖြစ်ပါတယ်။

တပ်မဟာမှူးတွေအနေနဲ့ အောက်ခြေတပ်မှူးတွေကို ထပ်ဆင့်ညွှန်ကြားဖို့နဲ့ လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက လိုအပ်သလို အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၄ ကလည်း ကေအန်ယူ တပ်မဟာ ၂ တောင်ငူခရိုင်ထိန်းချုပ်နယ်မြေထဲကနေ  စစ်ကောင်စီရဲ့ စစ်စခန်းတွေ ၁၅ ရက်အတွင်း ရုပ်သိမ်းထွက်ခွာဖို့ ဧပြီ ၂၅ ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

အဆိုပါနယ်မြေအတွင်းက စစ်စခန်းတွေ တည်ဆောက်တပ်စွဲထားခဲ့တာ ဆယ်စုနှစ် တခုကျော်ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ ကရင်လူထုနဲ့ တိုင်းရင်းသားပြည်သူတွေအတွက် ကောင်းကျိုး မရှိတဲ့အပြင် လူထုတွေရဲ့ ဥယျာဉ်လုပ်ငန်း၊ တောင်ယာလုပ်ငန်း၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းနဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ဆောင်ရာမှာ အဟန့်အတားဖြစ်နေပြီး လူမှုစီးပွားဘဝတွေ ထိခိုက်နေကြောင်းလည်း ဖော်ပြထားပါတယ်။

အထူးသဖြင့် ကျီးချောင်းစစ်စခန်းနဲ့ ၄၈ မိုင် ကိုးဒေး စစ်စခန်းတွေကြောင့် ဒေသခံ လူထုက ထိတ်လန့်ကြောက်ရွံ့နေရတာ၊ မိုင်းကွင်းတွေကြောင့် နေ့စဉ်သွားလာ နေထိုင်စားသောက်ရာမှာ အဟန့်အတားအခက်အခဲ ဖြစ်တာနဲ့ ဦးတည်ချက်မဲ့ ပစ်ခတ်မှုတွေကြောင့် စိုးရိမ်ကြောက်လန့်နေကြတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ဒီတပ်စခန်းတွေကို လုံးဝ လက်မခံနိုင်ကြောင်းနဲ့ ဒီစာထုတ်ပြန်တဲ့နေ့ကစပြီး ၁၅ ရက်အတွင်း တပ်စခန်းတွေကို အပြီးရုပ်သိမ်းထွက်ခွာဖို့နဲ့ ရက်ကျော်လွန်လို့ ဆက်လက်တပ်စွဲနေပါက နောက်ဆက်တွဲကိစ္စတွေကို တာဝန်ယူမှာ မဟုတ်ကြောင်းလည်း KNDO တပ်ရင်း ၄ က ထုတ်ပြန်ထားပါတယ်။ 

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ KNLA၊ PDF၊ KNDO ပူးပေါင်းတပ်တွေအကြား နေ့စဉ်လိုလို တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က  ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ တဖက်မှာပြုလုပ်နေပြီး တဖက်မှာတော့ ငြိမ်းချမ်းရေးဖိတ်ခေါ် ကာလအတွင်း သူ့ရဲ့တပ်စခန်းတွေကို မတိုက်ခိုက်ကြဖို့ စာထုတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013